ပိုင်ကျုံမြို့ ဒေါနတောင်အရှေ့ဘက်ခြမ်းရှိကျေးရွာများတွင် ပီလောပီနံကို စီးပွားအဖြစ်စိုက်ပျိုးလာ

ပိုင်ကျုံ  မေ ၁၄

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ ဒေသနေပြည်သူများသည် အများအားဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် တိရစ္ဆာန်မွေးမြူရေးများကို အဓိကအားထား လုပ်ကိုင်ကြပြီး ယခုအခါ ပိုင်ကျုံမြို့ ဒေါနတောင်အရှေ့ဘက်ခြမ်းရှိ ကျေးရွာများတွင် ပီလောပီနံကို စီးပွားအဖြစ် စိုက်ပျိုးလာခဲ့ကြောင်း သိရသည်။

ကမ္ဘာပေါ်တွင် လူတို့အာဟာရအတွက် စားသုံးသည့်အသီးအနှံများဖြစ်သည့် ဆန်၊ ဂျုံ၊ ပြောင်းနှင့် ပီလောပီနံတို့ ဖြစ်ရာ စားသောက်ကုန်၊ လူသုံးကုန်နှင့် အလှကုန်ပစ္စည်းများ ထုတ်လုပ်၍ရသော ပီလောပီနံသည်းလည်း   အရေးပါသော သီးနှံတစ်မျိုးဖြစ်ကြောင်း၊ ပီလောပီနံကို မြေညှက်အောင် ထယ်ထွန်ပြီးပါက ၆-၈ လက်မအရွယ် ကိုင်းမျိုးလေးများကို ၄၅ ဒီဂရီစောင်းလျှက် တစ်ပင်နှင့်တစ်ပင် ၃ ပေခြား၍ စိုက်ပျိုးရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရာတွင်ခုတ်ပြီးသားမျိုးကိုင်းများအား ၂၄ နာရီအတွင်း စိုက်ပျိုးရမည်ရမည်ဖြစ်ပြီး မြေတွင်းသို့ သုံးပုံ နှစ်ပုံဝင်အောင် စိုက်ပျိုးရမည်ဖြစ်ကြောင်း၊ ဥမြစ်စတင်ချိန်တွင် ပေါင်းရှင်းခြင်း၊ အစာကျွေးခြင်းနှင့် ဘောင်ထပ်ခြင်းများ ပြုလုပ်ပေးရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးပြီး ၈ လအကြာတွင် ဥများစတင်တူးဖော်နိုင်ကြောင်း၊ တူးဖော်ရရှိလာသောဥများကို ထိုင်းနိုင်ငံသို့တင်ပို့ရောင်းချခဲ့ပြီး ပီလောပီနံဥတစ်ဥလျှင် ၁-၂ ကီလိုကျော်ထိရရှိပြီး  တစ်ကီလိုလျှင် ၂ ဘတ်ဖြင့် ရောင်းချရကြောင်း  ပီလောပီနံစိုက်တောင်သူ တစ်ဦးထံမှ သိရသည်။ 

ပိုင်ကျုံမြို့ ဒေါနတောင်အရှေ့ဘက်ခြမ်းရှိ တာလယ်ကျေးရွာအုပ်စုနှင့် ဝင်းစောကျေးရွာအုပ်စု အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် ယခင်က မိသားစုစားဝတ်နေရေးအဆင်ပြေစေရေးအတွက် မြေပဲ၊ ပြောင်းနှင့် မတ်ပဲများ စိုက်ပျိုးလျက်ရှိရာ ယခုအခါ စိုက်ပျိုးစရိတ်သက်သာကာ အထွက်နှုန်းကောင်းပြီး ဝယ်လိုအားကောင်းသည့် ပီလောပီနံကို စီးပွားအဖြစ် စိုက်ပျိုးလာခဲ့ကြကြောင်း သိရသည်။   

နော်ခူး (ပြန်/ဆက်)