ကျုံပျော် မေ ၁၄
ကျောင်းသား၊ ကျောင်းသူ လူငယ်များ ကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ အမျိုးသမီးငယ်များ၏ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော ပန်းအလှထိုးနည်းသင်တန်းကို ကျုံပျော်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ မေလ ၁၄ ရက် နံနက် ၉ နာရီက ဖွင့်လှစ်သည်။
ရှေးဦးစွာလူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝေဝေလွင်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းစိုးတို့က လူငယ်များအားလပ်ရက်တွင် အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်နှင့် အကျိုးရှိသည့်လုပ်ငန်းများ ဆောင်ရွက်တတ်စေရန်၊ အမျိုးသမီးများဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် လက်မှုအတတ်ပညာ၊ အလှအပရေးရာများ ပြင်ဆင်မွမ်းမံတတ်စေရန်ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း အမှာစကား ပြောကြားသည်။
ထို့နောက် သင်တန်းနည်းပြ၊ အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ခင်ကြေးမုံက သင်တန်းသူများအနေဖြင့် ယခုသင်ကြားမည့် ပန်းအလှထိုးနည်းများကို စနစ်တကျလေ့လာမှတ်သားကြရန်နှင့် မိမိတို့ ဉာဏ်စွမ်းရှိသလို တီထွင်ဖန်တီးမှုများ ပူးပေါင်းဆောင်ရွက်ပေးပါရန် အမှာစကားပြောကြားသည်။
ထို့နောက် သင်တန်းဆရာမ ဒေါ်ခင်ကြေးမုံနှင့်အဖွဲ့က အလှထိုးပန်းရွေးချယ်နည်း၊ ပန်းအညှာ ဖြတ်တောက်နည်း၊ ပန်းအဖူး၊ အငုံ၊ အပွင့် ရွေးချယ်နေရာထားနည်း၊ ပန်းထိုးနည်း စနစ်အမျိုးမျိုးတို့ကို သင်တန်းသူများအား လက်တွေ့သင်ကြားပြသပြီး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ ပန်းအလှထိုးနည်းသင်တန်းသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် ကျောင်းသူလေးများ စုစုပေါင်း (၃၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ မေ ၁၄ ရက်မှ ၁၅ ရက်အထိ ၊ နံနက် ၉ နာရီမှ ၁၁ နာရီခွဲအထိ (၂)ရက်ကြာ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)