လပွတ္တာမြို့နယ်တွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် ကြဲပက်စိုက်ပျိုးပွဲအခမ်းအနားကျင်းပ

လပွတ္တာ မေ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်းရှိ လယ်မြေများတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးရည်ရွယ်၍ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် ကြဲပက်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်(၈) နာရီက ကျောက်မှော်ကျေးရွာအုပ်စု၊ အောက်ချောင်းကျေးရွာ ကွင်းအမှတ် ၅၈၁၊ ဦးပိုင် ၉၊ တောင်သူ ဦးထွန်းလင်း၏ လယ်မြေတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးအောင်က ပိုက်ဆံလျှော် ထည့်သွင်းစိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများနှင့် စိုက်ခင်းစနစ်ပြောင်းလဲစိုက်ပျိုးနိုင်ရေးတို့ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လယ်မြေ(၁၉၇)ဧကအတွက်တောင်သူ (၁၉၇)ဦးတို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက  ပိုက်ဆံလျှော်မျိုးစေ့များ အခမဲ့ပေးအပ်ခဲ့​ပြီး မြေဆီလွှာဖွံ့ဖြိုးရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်မျိုးစေ့)များအား အဆိုပါလယ်မြေ(၃၅)ဧကတွင် စုပေါင်းကြဲပက် စိုက်ပျိုးပေးခဲ့ကြသည်။

အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများမှ တောင်သူများ စုစုပေါင်းအင်အား(၃၀၃)ဦး တက်ရောက်ခဲ့ကြောင်းနှင့် လပွတ္တာမြို့နယ်၏ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မြို့နယ်အတွင်းရှိ ရေတော်မိုးတော်ဧက (၉၁,၀၈၀) အား သစ်စိမ်းမြေသြဇာထည့်သွင်း၍ စိုက်ပျိုးသွားနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မူမူ