ဒေးဒရဲ မေ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကို အကျိုးရှိစွာအသုံးချနိုင်စေရေး၊ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ အခြေခံလက်ဝှေ့သင်တန်းကို ယမန်နေ့မွန်းလွဲ (၃) နာရီက စတင်၍သင်ကြားပြသပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ လူငယ်များ တက်ရောက်သင်ယူလျက်ရှိကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က သင်တန်းများ ဖွင့်လှစ်ပေးရခြင်းရည်ရွယ်ချက်များ ရှင်းလင်းခြင်း၊ မြို့နယ်အခြေခံပညာဦးစီး၊ လက်ထောက်ပညာရေးမှူး ဦးကျော်ထူးက ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံဖြိုးစေရန်နှင့် ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွန်းလာစေရန် ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများကို ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါလက်ဝှေ့အခြေခံသင်တန်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြန်မာ့ပဏာမလက်ရွေးစင် ကစားသမားဟောင်း ဦးကျော်လင်းစိုးက အခြေခံလက်ဝှေ့ထိုးနည်းများကို သင်ကြားပြသပေးလျက်ရှိရာ သင်တန်းသား၊ သင်တန်းသူ(၉)ဦး တက်ရောက် သင်ယူလျက်ရှိကြောင်းသိရပြီး သင်တန်းကို ၂၀၂၄ ခုနှစ် မေလ (၁၃)ရက်နေ့မှ (၁၅) ရက်နေ့အထိ သင်ကြားပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာနှင့် ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်စေရေး အပတ်စဥ် စာဖတ်ဝိုင်းများ ဆောင်ရွက်ခြင်း၊ အသိပညာပေး Talk Show များ ဆောင်ရွက်ခြင်း၊ ပန်းချီရေးဆွဲနည်း၊ စာစီစာကုံး၊ ကဗျာရေးသားနည်းနှင့် Fitness Dance စသည့် သင်တန်းများကို အခမဲ့ ဖွင့်လှစ်သင်ကြား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း