ဇီးကုန်းမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြော

ဇီးကုန်း မေ ၁၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် လယ်မကျေးရွာအုပ်စု၊ ကျွဲခြံကျေးရွာရှိ တင်ဟော့ဇာထိုးပန်းထိုးစက်ရုံ၌ သာယာဝတီခရိုင် အမှတ်(၂)လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးတပ်ဖွဲ့စိတ်မှ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲက ပြုလုပ်ခဲ့သည်။

 အဆိုပါ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲတွင် သာယာဝတီခရိုင် အမှတ်(၂)လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးတပ်ဖွဲ့စိတ်မှူး ရဲအုပ်ဥက္ကာသွင်က လူကုန်ကူးခံရခြင်းတွင် အများဆုံးဖြစ်ပွားလေ့ရှိသောပုံစံများ၊ လူကုန်ကူးခြင်းခံရပါက ဆက်သွယ်ဆောင်ရွက်ရမည့် အကြောင်းအရာများ၊ Social Media အသုံးပြု၍ နည်းမျိုးစုံဖြင့် စည်းရုံးနေမှုများအား သတိပြုဆင်ခြင်နိုင်ရေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမှတ်(၄၁/၂၂)ဖြင့် အတည်ပြု ပြဋ္ဌာန်းခဲ့သည့် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ဥပဒေပါအကြောင်းအရာများ၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပ‌ဒေပါ အကြောင်းအရာများ၊ အငှားကိုယ်ဝန်‌ဆောင်ခြင်းနှင့် ပတ်သက်သော အကြောင်းအရာများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေပါ အကြောင်းအရာများအား projector ဖြင့် ပြသ၍ အသေးစိတ်ရှင်းလင်းအသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် တက်ရောက်လာသူများအား လူကုန်ကူးမှုတာဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းနှင့် အလုပ်သမား (၄၀၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)