ဘိုကလေး မေ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်ရှိ ရွှေခေတ်အားမာန် မျိုးစေ့ထုတ်တောင်သူများ အသင်းရုံးခန်းတွင် ယနေ့ နံနက်(၉)နာရီအချိန်၌ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနက ကျင်းပသော ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါး RS to CS မျိုးစပါးများအား မျိုးစေ့ထုတ်တောင်သူများထံပေးအပ်ခြင်း အခမ်းအနားကျင်းပဆောင်ရွက်ခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် ကော်မတီဝင်ဌာနဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝင်းစိုးဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်တွင်းရှိ မျိုးစေ့ထုတ်တောင်သူများ တက်ရောက်ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက တောင်သူများအနေဖြင့် တိုးတက်ပြောင်းလဲလာသော ခေတ်နှင့်အညီ စိုက်ပျိုးရေးကဏ္ဍပါတိုးတက်မြင့်မားရေးအတွက် ခေတ်မီတိုးတက်သော နည်းပညာများဖြင့် စိုက်နိုင်၊ ပျိုးနိုင်ရေးဆောင်ရွက်ကြရန်၊ မိမိတို့ စိုက်ပျိုးထုတ်လုပ်မှုများ တိုးတက်မြင့်မားစေရေး နည်းပညာအသုံးပြု၍ စိုက်ပျိုးထုတ်လုပ်မှုအောင်မြင်နေသူများထံမှ နည်းနာများအား လေ့လာပြီး စိုက်ပျိုးထုတ်လုပ်ကြရန် အမှာစကားပြောကြားသည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝင်းစိုးဦးက မျိုးစပါးဖြန့်ဝေပေးမှု ဆိုင်ရာများ၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာဆွေက တောင်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မိုးစပါး၊ နွေစပါး၊ ဆောင်းစပါး (၃)သီး စိုက်ပျိုးကြရန် တိုက်တွန်းစကားများ အသီးသီးပြောကြားခဲ့ပြီး မြို့နယ်တွင်းရှိ ကျေးရွာအုပ်စု (၁၇)အုပ်စုမှ မျိုးစေ့ထုတ်တောင်သူ(၇၈)ဦးအတွက် ဧရာမင်း(၃)ဧက၊ ဘေးကြားတောင်ပျံ (၄၅)ဧက၊ ပေါ်ဆန်းရင်(၂၅၂)ဧကစာ စုစုပေါင်း မျိုးစေ့တင်း(၃၀၀)အား တာဝန်ရှိသူများက မျိုးစေ့ထုတ်တောင်သူများအား ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)