ဘိုကလေးမြို့နယ်ရှိ GRET NGO ရုံးတွင် မီးဘေးလုံခြုံရေးအသိပညာပေးဟောပြော၍ မီးငြှိမ်းသတ်နည်း သရုပ်ပြဆောင်ရွက်

ဘိုကလေး မေ ၁၄

ပူပြင်းခြောက်သွေ့သော နွေရာသီရောက်ရှိလာပြီဖြစ်သဖြင့် မီးလောင်မှုမဖြစ်ပွားစေရေးနှင့် မီးဘေးတားဆီးကာကွယ်နိုင်စေရေးတို့ကိုရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ယမန်နေ့ ညနေ(၄)နာရီအချိန်၌ ဘိုကလေးမြို့နယ်ရှိ GRET NGO ရုံးတွင် အဆိုပါရုံးဝန်ထမ်းများအား မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်နည်းလက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့သည်။

အသိပညာပေးဟောပြောရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးထွန်းအောင်က မီးလောင်မှုဖြစ်ပွားရခြင်း၏ အကြောင်းအရင်းများ၊ မီးလောင်မှုဖြစ်ပွားနိုင်သည့် အခြေအနေများ၊ မီးဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် လိုက်နာရမည့်အချက်များနှင့် ရှောင်ရှားရမည့် အချက်များအား အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးအရာရှိနှင့် တပ်ဖွဲ့ဝင်များက ဂက်(စ်)မီးဖိုကြောင့် မီးလောင်ကျွမ်းမှုအား ငြိမ်းသတ်နည်း၊ လောင်စာဆီကြောင့် လောင်ကျွမ်းသောမီးအား ငြိမ်းသတ်နည်းတို့ကို သရုပ်ပြဆောင်ရွက်ခဲ့ပြီး GRET NGO ရုံးဝန်ထမ်းများအား လက်တွေ့ငြိမ်းသတ်စေခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)