ကော့သောင်းမြို့တွင် ဌာနဆိုင်ရာတာဝန်ရှိသူများ ချောင်းဝကျေးရွာမှ တောင်သူများနှင့်တွေ့ဆုံပွဲ၊ နွေစပါးစံကွက် ရိတ်သိမ်းခြင်းနှင့် ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ) စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ပြုလုပ်

ကော့သောင်း မေ ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ချောင်းဝကျေးရွာမှ တောင်သူများနှင့် တွေ့ဆုံပွဲ၊ နွေစပါးစံကွက်ရိတ်သိမ်းခြင်းနှင့် ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲ ပြုလုပ်ခြင်းများကို ရွှေပြည်စိုးကျေးရွာအုပ်စု၊ (၇)မိုင်‌‌ကျေးရွာ၊ ဂေါက်ကွင်းအရှေ့၊ လယ်စိုက်ခင်း‌တွင် ယနေ့နံနက်ပိုင်း (၈)နာရီအချိန်ခန့်က ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်က တောင်သူများအနေဖြင့် စိုက်ဧကများ တိုးချဲ့၍ သီးနှံများ အထွက်တိုးအောင် ကြိုးစားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နိုင်ငံတော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များနှင့် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းအသီးသီးမှလည်း ခရိုင်အတွင်း  စိုက်ပျိုးရေးကဏ္ဍ တိုးမြှင့်‌ရေးအတွက် လိုအပ်သည်များ ပေးအပ်ထောက်ပံ့လျက်ရှိကြောင်း၊ စပါးတစ်ဧကလျှင် တင်း(၁၀၀)ကျော် ထွက်ရှိနိုင်ရေးအတွက် အထွက်တိုးနည်းလမ်းများအလိုက် စနစ်တကျ ဆောင်ရွက်ရန်လိုအပ်ကြောင်း အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးသိန်း‌ဆွေဦးက အခမ်းအနားပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး တောင်သူများမှ စိုက်ပျိုးရေးဆိုင်ရာ သိရှိလိုသည်များနှင့် အခက်အခဲများအား‌တင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း၍ အကြံပြုဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ကွင်းအမှတ် ၂၁/OSS(ခ)၊ ဦးပိုင်အမှတ်N- ၆၇/၁ ရှိ တောင်သူဦးထင်ကျော်၏ လယ်တွင် GW -18 မျိုး (၆.၆) နွေစပါးစံကွက်ရိတ်သိမ်းခြင်းနှင့် ပိုက်ဆံလျှော် (သစ်စိမ်း မြေဩဇာ)စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ခရိုင်နှင့်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများက လိုက်လံကြည့်ရှု၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။

အဆိုပါ ချောင်းဝကျေးရွာမှ တောင်သူများနှင့်တွေ့ဆုံပွဲ၊ နွေစပါးစံကွက်ရိတ်သိမ်းခြင်းနှင့် ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ) စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချို၊ ခရိုင်နှင့်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ သက်ဆိုင်ရာဌာနအသီးသီးမှ ဦးစီးမှူးများနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)