ပြည် မေ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်တက္ကသိုလ်၌ မေလ ၂ ရက်နေ့မှ ၁၃ ရက်နေ့အထိ ဖွင့်လှစ်ခဲ့သော အမှုထမ်းသစ်များ ရုံးလုပ်ငန်းဆိုင်ရာကျွမ်ကျင်မှုသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီက ယင်းတက္ကသိုလ် Theatre ခန်းမဆောင်၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသက်လွင်က သင်တန်းသား၊ သင်တန်းသူ အမှုထမ်းသစ်ဝန်ထမ်းများအား "ဝန်ထမ်းတစ်ဦးချင်းစီတိုင်း လုပ်ငန်းစွမ်းဆောင်ရည် အရည်အချင်းနှင့် အရည်အသွေးများတိုးတက်မြင့်မားလာစေရန်နှင့် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေ၊ ဝန်ထမ်းစည်မျဉ်းစည်းကမ်းများနှင့် ကျင့်ဝတ်များကိုသိရှိပြီး မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းတာဝန်ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်နိုင်သော နိုင်ငံတော်အတွက်အထောက်အကူဖြစ်စေသည့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်လာစေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း အမှာစကားပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများအတွက် သင်တန်းဆင်းဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။
အဆိုပါသင်တန်းတွင် ပြည်တက္ကသိုလ်၌ ခန့်ထားခြင်းခံရသော အမှုထမ်း ဝန်ထမ်းသစ် စုစုပေါင်း ၂၅ ဦးအား နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ ရုံးသုံးမြန်မာစာ၊ ဘဏ္ဍာရေးဆိုင်ရာ၊ သင်တန်းရေးရာဆိုင်ရာများနှင့် ကွန်ပျူတာအခြေခံသင်တန်းတို့ကို သင်ကြားပို့ချပေးခြင်းဖြစ်ပြီး ယနေ့သင်တန်းဆင်းပွဲသို့ ပြည်တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခ(ဌာနမှူး)များ၊ သင်တန်းပို့ချသူများနှင့် သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်း ၅၅ ဦးခန့် တက်ရောက်ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)