မင်းဘူး မေ ၁၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ မိုးဦးကာလ(မိုးအကြိုကာလ)များတွင် သဘာဝဘေးကြောင့် အများဆုံးဖြစ်ပွားလေ့ရှိသည့် လေပြင်းဘေးနှင့် မိုးကြိုးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးလုပ်ငန်းငန်းများကို မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ယခုလ ၈ ရက်နေ့မှစတင်ပြီး ကျေးရွာများသို့ သွားရောက်ကွင်းဆင်းပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ကေသွယ်ဝင်း ဦးဆောင်ပြီး ရုံးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ၂၀၂၄ ခုနှစ်၊ မေလ ၈ ရက်နေ့မှ စတင်ပြီး မေလ ၁၄ ရက်နေ့အထိ မင်းဘူးမြို့ပေါ်ရပ်ကွက်များ၊ ဈေးများ၊ လမ်းဆုံများနှင့် လူစည်ကားရာနေရာများအပြင် ကြာကန်၊ မယ်ဘေ့ကုန်း၊ အလံပ္ပါယ်၊ ဆင်ခေါင်း၊ ကုန်းသာ၊ ကန်ရေ၊ ပင်လယ်သက်၊ လက်ခုပ်ပင်၊ ဥယျာဉ်ဇင်၊ ကျောက်တန်း၊ ပေါက်ပင်တွင်းနှင့် ရေတွင်းကုန်း စသည့်ကျေးရွာများသို့ သွားရောက်၍ အသိပညာပေး လှည့်လည်နှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
မင်းဘူး(စကု)မြို့နယ်အတွင်း၌ မိုးအကြိုကာလများဖြစ်သော မေလနှင့်ဇွန်လများ၌ အများဆုံးဖြစ်ပွားလေ့ရှိသည့် လေပြင်းဘေး၊ မိုးကြိုးဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်နိုင်စေရန်အတွက် ကွင်းဆင်းဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ ဆက်လက်၍ ကျန်ရှိသည့်ကျေးရွာများတွင်လည်း အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။
မောင်မောင်(မင်းဘူး)