ခန္တီး ဖေဖော်ဝါရီ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အစိုးရ နည်းပညာအထက်တန်းကျောင်း(ခန္တီး)တို့ ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု တစ်လုံးထိုးဒီဇယ်အင်ဂျင်ပြုပြင်နည်း သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် ခရိုင်ကျေးလက်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစိုးရနည်းပညာအထက်တန်းကျောင်းအုပ်ဆရာကြီး ဒေါက်တာမြင့်ကျော်က သင်တန်းဆင်း အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဦးစီးမှူး ဦးရာဌေးက ကျေးလက်နေပြည်သူများ လူမှုစီးပွား အထောက်အကူပြုအောင် ယခုလိုသင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ သင်တန်းက သင်ယူတတ်မြောက်ခဲ့သည့် နည်းပညာအတတ်ပညာများကို မိမိဒေသမှာ ပြန်လည်မျှဝေ အသုံးချပြီး လုပ်ကိုင်စေလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မြို့နယ်ကျေးလက်ဦးစီးမှူးက သင်တန်းကာလအတွင်း အဖွဲ့လိုက်ပြိုင်ပွဲတွင် ဆုရရှိသည့် သင်တန်းသားများကို နည်းပညာ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက ဆုများ ချီးမြှင့်ပေးသည်။
ထို့နောက် တစ်လုံးထိုးဒီဇယ်အင်ဂျင်ပြုပြင်နည်း အထောက်အကူပစ္စည်းများ ထောက်ပံ့မှုကို မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်အေးသင်းကပေးအပ်ကာ သင်တန်းဆင်းလက်မှတ်ကို ဆရာဦးသန့်ဇင်ဝင်းက ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
စနေမောင်မောင်(ခန္တီး)