ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံရေးလှုံ့ဆော်မှု မြေစိုက်ဆိုင်းဘုတ် စိုက်ထူ

ဆိပ်ဖြူ မေ ၁၄

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံရေးလှုံ့ဆော်မှု မြေစိုက်ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့နံနက် ၉ နာရီက စိုက်ထူခဲ့ကြသည်။

အဆိုပါ ကျောင်းအပ်နှံရေးလှုံ့ဆော်မှုမြေစိုက်ဘုတ်စိုက်ထူခြင်းကို မြို့နယ်စီမံအုပ်ရေးအဖွဲ့မှတာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူးနှင့် ပညာရေးဝန်ထမ်းများက “ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသည့် ဗီနိုင်းမြေစိုက်ပိုစတာများကို ဆိပ်ဖြူ(အ.ထ.က) ကျောင်းရှေ့၊ အနော်ရထားလမ်းနှင့် ရတနာလမ်းဆုံတို့တွင်လည်းကောင်း၊ ဗိုလ်ချုပ်လမ်းနှင့် ပတ္တမြားဈေးလမ်းဆုံတို့၌ စိုက်ထူပေးခဲ့ကြသည်။

၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်တွင် ဆိပ်ဖြူမြို့နယ်ရှိ အခြေခံပညာကျောင်းအသီးသီးတွင် ကျောင်းနေအရွယ် ကျောင်းသား/ကျောင်းသူ (၃၂၅၄၄)ဦးရှိကြောင်း၊ ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်လက်ခံခြင်းကို မေလ ၂၃ ရက်နေ့မှ ၃၀ ရက်နေ့အထိ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အခမဲ့ပညာရေးစနစ်ဖြစ်သည့်အတွက် ကျောင်းအပ်နှံရာ၌ ငွေကြေးတစ်စုံတစ်ရာမှ ကောက်ခံခြင်းမရှိဘဲ ကျောင်းသား/ကျောင်းသူများကို ဗလာစာအုပ်၊ ပုံနှိပ်ပြဌာန်းစာအုပ်များ အခမဲ့ပေးအပ်သွားမှာဖြစ်ပြီး မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းဝတ်စုံများပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးက ပြောကြား၍ သိရှိရသည်။

ကိုဇွဲ(အညာမြေ)