ရေတာရှည်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု မရှိစေရေး ဖုံး ၊ သွန် ၊ လဲ ၊ စစ်လုပ်ငန်းများ ဆောင်ရွက်

ရေတာရှည် မေ ၁၄

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရေး ကြိုတင်ဆောင်ရွက်ခြင်းလုပ်ငန်းများအဖြစ် ယနေ့နံနက်ပိုင်းက အမှတ် ၅ ရပ်ကွက်၌ ဖုံး၊ သွန်၊ လဲ၊ စစ်ဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများအား ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးအဖွဲ့ဝန်ထမ်းများက ခြင်ပေါက်ဖွားမှုများအား လျော့ချနိုင်ရေးအတွက် ရေလှောင်ကန်များအတွင်း အဘိတ်ဆေးခတ်ခြင်းနှင့် ရေဝင်ရောက်နိုင်သည့် နေရာများအား ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး သွေးလွန်တုပ်ကွေးရောဂါအား ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ရပ်ကွက်များအလိုက် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်း လုပ်ငန်းများနှင့် ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများအား အပတ်စဥ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)