အင်းတော်မြို့တွင် လက်မှုပညာ (ချည်ထိုး/ပန်းထိုး) သင်တန်းဖွင့်လှစ်

အင်းတော် မေ ၁၄

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်ရုံး Community Centre ခန်းမတွင် ၂၀၂၄ ခုနှစ်၊ မေလ ( ၁၃ ) ရက်နေ့မှ မေလ ( ၂၄ ) ရက်နေ့အထိ အသက်မွေးဝမ်းကျောင်းလက်မှုပညာ (ချည်ထိုး/ပန်းထိုး) သင်တန်းကို အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

မိမိတို့အနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း လူငယ်များအချိန်ကိုအကျိုးရှိစွာအသုံးပြုနိုင်ရေး၊ လူငယ်များအနေဖြင့် မိမိတို့ဝါသနာပါရာလုပ်ငန်းများကို ဆောင်ရွက်နိုင်ရေး၊ အသက်မွေးဝမ်းကျောင်း လက်မှုပညာရပ်များကို ကျွမ်းကျင်စွာ တတ်မြောက်နိုင်စေရေး၊ ဒေသအတွင်း လက်မှုလုပ်ငန်းများထွန်းကားလာပြီး ဒေသထွက်ကုန်များ ပေါ်ထွက်လာနိုင်စေရေး၊ မိသားစုတစ်နိုင်တစ်ပိုင် လုပ်ငန်းများ လုပ်ကိုင်လာနိုင်ပြီး မိသားစုဘဝ ဖွံ့ဖြိုးတိုးတက်လာနိုင်စေရေးတို့အတွက် ရည်ရွယ်၍ ယခုကဲ့သို့ အသက်မွေးဝမ်းကျောင်းပညာရပ်သင်တန်းများကို ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း အင်းတော်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးကျော်သီဟက ပြောကြားခဲ့သည်။

အဆိုပါ လက်မှုပညာ (ချည်ထိုး/ပန်းထိုး) သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ မေလ ၁၃ ရက် နံနက် (၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ တွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ဦးစီးအရာရှိက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းနည်းပြ ဒေါ်သိင်္ဂီထွန်းက သင်တန်းတွင် သင်ကြားပေးမည့် လက်မှုပညာရပ်များနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။ ယင်းသင်တန်းအား ၂၀၂၄ ခုနှစ် မေလ (၁၃) ရက်နေ့မှ (၂၄) ရက်နေ့အထိ နှစ်ပတ်ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆိုအခမဲ့ တက်ရောက်သင်ကြား နိုင်ကြောင်း သိရသည်။

ကျော်သီဟ