လက်ပံတန်း မေ ၁၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသားကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ဉာဏ်ရည်ပိုမိုဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ယနေ့နံနက် ၉ နာရီက စတင်ဖွင့်လှစ်သင်ကြားခဲ့သည်။
ရှေးဦးစွာ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမင်းထွန်းက ပန်းချီသင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့် ပန်းချီရေးဆွဲနည်းအတတ်ပညာများကို အခြေခံမှစပြီးသိရှိကာ စနစ်တကျရေးဆွဲတတ်စေရန် ရည်ရွယ်ဖွင့်လှစ်ကြောင်း ပြောကြားပြီး သင်တန်းနည်းပြဆရာ ဦးမြင့်သိန်း စာရေးဆရာ မြင့်သိန်း(ရွှေတောင် ချည်/ ထည်/ ချော)က အခြေခံပန်းချီရေးဆွဲနည်းအဆင့်ဆင့်ကို စာတွေ့လက်တွေ့စတင်သင်ကြားပေးသည်။
အဆိုပါ ပန်းချီသင်တန်းကို မေလ ၁၄ ရက်မှ ၁၆ ရက်နေ့အထိ (၃) ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၄၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)