မြောင်းမြမြို့၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းဖွင့်ပွဲကျင်းပ

မြောင်းမြ မေ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဖွင့်လှစ်သည့် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဦးမန်းစောဘု (မိဘမဲ့ဂေဟာ) ၌ ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြောင်းမြခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဇင်ဝင်းမော်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားခြင်း၊ မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးစန်းဝင်းက သင်တန်းဆိုင်ရာဗဟုသုတများအား ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို သင်တန်းသူ(၃၀)ဦးဖြင့် မေလ ၁၄ ရက်နေ့မှ ၁၇ ရက်နေ့အထိ (၄) ရက်ကြာ ဖွင့်လှစ်သင်ကြားမှာဖြစ်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဇင်ဝင်းမော်နှင့် ဝန်ထမ်းများက စာ‌တွေ့လက်တွေ့သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။

ဝေဝေမြင့်(မြောင်းမြ)