ဟုမ္မလင်းမြို့၌ ၂၀၂၄-၂၀၂၅ ဘဏ္ဌာရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပ

ဟုမ္မလင်း မေ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကို၊ ယမန်နေ့နံနက် (၁၀)နာရီအချိန်က ဟုမ္မလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်၊ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်လျက်ရှိသော ဆည်မြောင်း၊ တာတမံများ၊ ကုန်ထုတ်လမ်းများ လမ်းမကြီးများ၊ တံတားကြီးများ၊ သန့်ရှင်းသော သောက်သုံးရေ၊ လျှပ်စစ်မီး၊ ဆေးရုံ၊ စာသင်ကျောင်းစသည့် အခြေခံအဆောက်အအုံများအတွက်၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းများတွင် တိုင်းဒေသကြီးဘတ်ဂျက်ဖြင့်လည်းကောင်း အမျိုးသားစီမံကိန်းတွင် ပြည်ထောင်စုဘတ်ဂျက်ဖြင့်လည်းကောင်း ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ အတည်ပြုပြဌာန်းပေးခဲ့ပြီးဖြစ်၍၊ ပြဌာန်းလိုက်သော စီမံကိန်းဥပဒေနှင့်အညီ၊ ကဏ္ဍအလိုက်၊ ဒေသအလိုက်စီမံကိန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ခြင်းနှင့် ပတ်သက်၍ ထပ်ဆင့်ရှင်းလင်းကာ မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်အေးအေးသင်းက ၂၀၂၄-၂၀၂၅ ဘဏ္ဌာရေးနှစ် ဒေသန္တရစီမံကိန်းအပေါ် အကောင်အထည်ဖော်နိုင်မှုနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် ဟုမ္မလင်းခရိုင် ဒေသန္တရစီမံကိန်းများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းကပေးအပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်‌‌က လက်ခံခဲ့သည်။ ယင်းနောက် လယ်ယာကဏ္ဍကြီး၏ ဒေသန္တရစီမံကိန်းများအား မြို့နယ်စီမံအုပ်ချုပ်းအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်က ပေးအပ်ခဲ့ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဒေါ်စုစုထွေးကလည်းကောင်း၊ စက်မှုကဏ္ဍကြီး၏ ဒေသန္တရစီမံကိန်းများအား မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဝင်းနေထွန်းက လည်းကောင်း၊ ဝန်ဆောင်မှုကဏ္ဍကြီး၏ ဒေသန္တရစီမံကိန်းများအား၊ မြို့နယ်စီးပွားဘဏ်မန်နေဂျာ ဦးအောင်သန့်ဇင်ကလည်းကောင်း၊ တိုင်းဒေသကြီးဘဏ္ဌာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအား မြို့နယ်လမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်လင်းထွန်းကလည်းကောင်း အသီးသီးလက်ခံခဲ့ကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့်အဖွဲ့ဝင်များ ခရိုင်အဆင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

လင်းလင်း(ပြန်/ဆက်)