ရွှေတောင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် အခြေခံမွေးမြူရေးသင်တန်း (ကြက်၊ ဝက်၊ ဆိတ်၊နွား) သင်တန်းဖွင့်လှစ်

ရွှေတောင် မေ ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် ယနေ့နံနက်ပိုင်းက ကြက်၊ဝက်၊ဆိတ်၊နွား အခြေခံမွေးမြူရေးသင်တန်း" ဖွင့်လှစ်ကျင်းပခဲ့ကြောင်း သိရသည်။

 အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးမွေးမြူရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင် မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်သိမ့်သိမ့်အောင်က အမှာစကားပြောကြားပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာအေးချမ်းဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါသင်တန်းကို နှစ်ရက်တာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသူများနှင့် တိရစ္ဆာန်ကျန်းမာရေးလုပ်သား (CAHW) (၂၁) ဦးတက်ရောက်၍ သင်တန်းတွင် ကြက်၊ ဝက်၊ ဆိတ်၊ နွားများ စီးပွားဖြစ်‌ မွေးမြူနိုင်ရေး၊ မျိုးရရှိရေး၊ အစာရရှိ ရေး၊ မွေးမြူရေးလုပ်ငန်းဆိုင်ရာ ချေးငွေများ ရရှိရေးနှင့် တိုင်းရင်းကြက်မွေးမြူသူများ တိုးချဲ့မွေးမြူနိုင်ရေး၊ တိရစ္ဆာန်များအား ကာကွယ်ဆေးထိုးခြင်းနှင့် အထွေထွေကုသခြင်း စသည့်အကြောင်းအရာများကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာအေးချမ်းဝင်းက စာတွေ့လက်တွေ့သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)