ပေါက်ခေါင်း မေ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ နွေစပါးစိုက်ပျိုးရာသီတွင် နွေစပါး(၁၁၄၄၆)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တောင်နဝင်းနှင့်မြောက်နဝင်းရေလှောင်တမံမှဆည်ရေများကို ဇန်နဝါရီ ၁၀ ရက်နေ့က စတင်ပေးဝေခဲ့ပြီးတောင်သူများမှ နွေစပါးသီးနှံကိုစတင်စိုက်ပျိုးခဲ့ရာ ယခုအခါ နွေစပါးသီးနှံများအောင်မြင်ဖြစ်ထွန်းနေပြီး မကြာခင်ရိတ်သိမ်းနိုင်တော့မည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပေါက်ခေါင်းမြို့နယ်၌ နွေသီးနှံစိုက်ပျိုးရာသီတွင် နွေစပါးသီးနှံအပါအဝင် နွေသီးနှံ နှမ်း၊ မတ်ပဲ သီးနှံစုံကို အဆိုပါဆည်ရေသောက်ဖြင့်စိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် နွေစပါးသီးနှံစိုက်ပျိုးရာတွင် တစ်ဧကလျှင် ကျပ် ၄ သိန်းမှ ၅ သိန်းအထိ ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး ၄ လ အကြာတွင်ရိတ်သိမ်းရကြောင်း၊ အထွက်နှုန်းအနေဖြင့်ပျှမ်းမျှ တစ်ဧကလျှင်တင်း ၈၀ မှ ၁၂၀ တင်းအထိထွက်ရှိကြောင်းနှင့်ပြီးခဲ့သည့်နှစ်က နွေစပါးဈေးကောင်းမွန်ပြီး တောင်သူတွေအကျိုးအမြတ်ရရှိခဲ့ကြောင်းနှင့် ယခုနှစ်တွင်လည်းနွေစပါးစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိရန်မျှော်လင့်လျက်ရှိကြောင်း နွေစပါးစိုက်ပျိုးလုပ်ကိုင်သူ တောင်သူတစ်ဦးက ပြောသည်။ ပေါက်ခေါင်းမြို့နယ်ရှိ နွေစပါးစိုက်တောင်သူများအနေဖြင့် GW-11 ရတနာတိုး၊ ဗီယက်နမ်ရက် ၉၀ စပါးမျိုးများကို အဓိကထားစိုက်ပျိုးလျက်ရှိသည်။ ယခုနှစ်တွင် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်အဖွဲ့များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများကြီးကြပ်၍ နွေစပါးစိုက်တောင်သူများအား နွေစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သက်တမ်းတိုး အထွက်ကောင်းမျိုးများပြောင်းလဲစိုက်ပျိုးရေး၊ ကြဲပက်စိုက်ပျိုးခြင်းအစား (Drum Seeder)စနစ်၊ ပျိုးထောင်စိုက်ပျိုးနည်းစနစ်နှင့် လက်ဆွဲကောက်စိုက်စက်တို့ဖြင့်စိုက်ပျိုးကြရန်တို့ကို တောင်သူပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)