သဲကုန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ ကျောင်းအပ်နှံခြင်းဆောင်ရွက်

သဲကုန်း မေ ၁၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်ရှိ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း(သဲကုန်း)တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်းကို ယနေ့ နံနက် (၈) နာရီအချိန်မှ စတင်လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် စက်မှုဘာသာရပ်အတွက်(၉၀)ဦး၊ စိုက်ပျိုးရေးဘာသာရပ်အတွက်(၃၀)ဦးနှင့်‌ မွေးမြူရေးဘာသာရပ်အတွက်(၃၀)ဦးခေါ်ယူမည်ဖြစ်ရာ  သဲကုန်းမြို့နယ်အခြေခံညာအထက်တန်းကျောင်း(၆)ကျောင်း၊ အထက်တန်း(ခွဲ)ကျောင်း(၅)ကျောင်းမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-9 အောင်မြင်ပြီးသောကျောင်းသား၊ ကျောင်းသူများအနေဖြင့် အဆိုပါ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းသို့ တက်ရောက်လိုသူများရှိပါက ကျောင်းအပ်နှံရေးအတွက် ကျောင်းဝင်ခွင့်လျှောက်လွှာများကို အခြေခံပညာအထက်တန်းကျောင်း(သဲကုန်း)တွင် အခမဲ့ရယူနိုင်ပြီး၊ ကျောင်းအပ်လက်ခံခြင်းကို မေလ ၁၄ ရက်နေ့မှ စတင်၍ လျှောက်လွှာများကိုမေလ ၁၉ ရက်နေ့ နောက်ဆုံးထားတင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။

သဲကုန်းမြို့နယ်အတွင်းရှိ Grade-9  အောင်မြင်ပြီးသောကျောင်းသား၊ ကျောင်းသူများအား စက်မှု၊စိုက်ပျိုး၊ မွေးမြူရေးပညာရပ်များ တစ်နိုင်ငံလုံးသို့ပြန့်ပွားစေပြီး နိုင်ငံတော်၏စီးပွားရေးကို အထောက်အကူပြုနိုင်စေရန်၊ အဆင့်မြင့်ပညာဆက်လက်မသင်ကြားနိုင်သောကျောင်းသား၊ ကျောင်းသူများအတွက် အသက်မွေးဝမ်းကျောင်းပညာအဖြစ် လမ်းသွယ်များဖွင့်လှစ်သင်ကြားပေးနိုင်စေရန်၊ စက်မှု၊စိုက်ပျိုး၊မွေးမြူရေးကျွမ်းကျင်လုပ်သားများ ပြုစုပျိုးထောင်ပေးနိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကိုကျော်(ပြန်/ ဆက်)