တိုင်းဒေသကြီးဝန်ကြီးချုပ် ရိုးပြတ်ကျန်ဧရိယာနှင့် သုံးသီးစိုက်ဧကများတွင် ဖော်ထုတ်စိုက်ပျိုးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ပုသိမ် မေ ၁၄

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) ၌ ရိုးပြတ်ကျန်ဧရိယာနှင့် သုံးသီးစိုက်ဧကများတွင် ဖော်ထုတ်စိုက်ပျိုးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “သီးနှံစုံစိုက်ဧကမှန်ကန်ရေး၊ ကိန်းဂဏန်းစာရင်းဇယားများ မှန်ကန်စေရေး၊ ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ ယခုနှစ် မိုးစပါးစိုက်ရာသီတွင် ရေတော်မိုးတော် စိုက်ဧက(၂၇)သိန်းကျော်အား သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)များ အပြည့်အဝ ထည့်သွင်းစိုက်ပျိုးမည်ဖြစ်၍ ခရိုင်၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ များအနေဖြင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို အစီရင်ခံတင်ပြရန်လိုပါကြောင်း၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)များ အချိန်မီထည့်သွင်း စိုက်ပျိုးနိုင်ရေးအတွက် တာဝန်ရှိသူများကလည်း ကြပ်မတ်ရန်လိုပါကြောင်း၊ စိုက်နည်းစနစ်များ ပြောင်းလဲစိုက်ပျိုးခြင်း၊ စိုက်ဧကများ တိုးချဲ့စိုက်ပျိုးခြင်းနှင့် အထွက်တိုး မျိုးကောင်း၊ မျိုးသန့်များ ပြောင်းလဲစိုက်ပျိုးရ မည်ဖြစ်ကြောင်း၊ ၂၀၂၄-၂၀၂၅ မိုးစပါးရာသီတွင် ပန်းတိုင်အထွက်နှုန်းရောက်ရှိမည့် ခရိုင်များ ရှိသော်လည်း မရောက်သေးသည့်ခရိုင်များမှ တွန်းအားပေးကြပ်မတ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ခရိုင်၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့များအနေဖြင့် ပန်းတိုင်အထွက်နှုန်း ရောက်ရှိရေး ရည်မှန်းချက်ပေးထားသည့်အတိုင်း အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ ရေငန်ဝင်ရောက်သည့်ဒေသများတွင် ရေငန်တားတာများ တည်ဆောက်၍ ရေချိုထိန်းကာ နှစ်သီးစိုက်ပျိုးနိုင်အောင်ဆောင်ရွက်ခြင်း၊ ရေငန်ဒဏ်ခံနိုင်သည့် စပါးမျိုးများ ကိုစိုက်ပျိုးရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးတွင် ကြဲခင်းစနစ်ဖြင့်စိုက်ပျိုးသည့် စိုက်ဧက သိန်း(၂၀)ကျော်ရှိကြောင်း၊ ကြဲခင်းစနစ်ဖြင့် စိုက်ပျိုးသည့်နေရာများတွင် စပါးမျိုးစေ့ချ ကိရိယာ၊ လက်စွဲကောက်စိုက်များဖြင့် စိုက်ပျိုးပြီး အထွက်နှုန်းနည်းသည့် ကြဲခင်းစနစ် ပပျောက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခင်နှစ်တွင် ရိုးပြတ်ပြန်ဧကများမှ ခြောက်သောင်းကျော်အား ဖော်ထုတ်နိုင်ခဲ့ပြီး ယခုနှစ်တွင်လည်းဆက်လက်ဖော်ထုတ်ရမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များတွင် စပါးမျိုးစေ့ချကိရိယာ၊ လက်စွဲကောက်စိုက်စက်ကဲ့သို့ ဒေသ၏ရေမြေနှင့် ကိုက်ညီသည့် လယ်ယာသုံးစက်ကိရိယာများ ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်ရမည်ဖြစ်ပြီး ထိုသို့ထုတ်လုပ်နိုင်ပါက ဒေသခံတောင်သူ များအတွက် များစွာအကျိုးရှိမည်ဖြစ်ပါကြောင်း၊ ပီလောပီနံနှင့်ကော်ဖီကိုလည်း တိုးချဲ့စိုက်ပျိုး ရမည်ဖြစ်ပြီး ပီလောပီဧကခြောက်သောင်းနှင့် ကော်ဖီဧကတစ်သောင်းကျော် စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ကော်ဖီစိုက်ပျိုးရေးလုပ်ငန်းများရေရှည် တိုးတက် စိုက်ပျိုး နိုင်ရန်အတွက် ပညာရှင်များ၊ လုပ်ငန်းရှင်များပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ဖြစ်ထွန်းအောင်မြင်အောင် စိုက်ပျိုးနိုင်ရေး၊ ပျဉ်းကတိုးအစရှိသည့် နှစ်ရှည်ပင်များအတွင်း သီးညှပ် စိုက်ပျိုးနိုင်ရေး၊ ကော်ဖီစိုက်ပျိုးရာတွင် ပိုမိုဖြစ်ထွန်းနိုင်သည့်  မြေအမျိုးအစား၊ ရာသီဥတု ကိုက်ညီမှုများအား ကော်ဖီပညာရှင်များနှင့် ကော်ဖီစိုက်ပျိုးသူလုပ်ငန်းရှင်များ တွေ့ဆုံ ဆွေးနွေးရမည်ဖြစ်ပါကြောင်း၊ စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာများကို ဇုန်အလိုက်သတ်မှတ်၍ စိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းရေး ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရည်မှန်းချက်များအောင်မြင်စေရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန်" အမှာစကားပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ ၂၀၂၄-၂၀၂၅ စိုက်ပျိုးရာသီတွင် ကြဲခင်းစနစ်ပပျောက်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဆီထွက်သီးနှံ အထူးဇုံတွင် စိုက်ပျိုးဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍လည်းကောင်း၊ တိုင်းဒေသကြီးမြေစာရင်းဦးစီးဌာန၊ တိုင်းဦးစီးမှူးမှ ရိုးပြတ်ကျန်ဧရိယာနှင့် (၃)သီးစိုက် ဧကများ ဖော်ထုတ်ထားရှိမှုအားလည်းကောင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးက ၂၀၂၃-၂၀၂၄ ခုနှစ်၊ မြို့နယ်အလိုက်ရိုးပြတ်ကျန်ဧရိယာများအပေါ် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် နွေစပါးနှင့်ဆောင်းသီးနှံများ ဖော်ထုတ်စိုက်ပျိုးမည့် လျာထားမှုအပေါ် ရေရရှိရေးဆောင်ရွက်ထားမှုအခြေအနေအားလည်းကောင်း၊ ခရိုင်စိုက်တိုးမြှင့်ဥက္ကဋ္ဌများက ပိုက်ဆံလျှော်ထုတ်လုပ်မှု၊ မျိုးစေ့ရရှိမှုနှင့် မျိုးလိုအပ်မှုခြေအနေများ၊ မျိုးစေ့ဖြန့်ဖြူးမှု၊ ကြဲခင်းစနစ်ပပျောက်ရေးဆောင်ရွက်မှုအခြေအနေများ၊ လယ်ယာသုံးစက်ကိရိယာ ပိုင်ဆိုင် ထားရှိမှုအခြေအနေ၊ ဆီထွက်သီးနှံနေကြာ စိုက်ပျိုးမှုနှင့် ထွက်ရှိမှုများအားလည်းကောင်း ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)