မြို့သစ်မြို့၌ မြို့နယ်အဆင့် အဂတိလိုက်စားမှုတာဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေး

မြို့သစ် မေ ၁၄

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီက ကျင်းပရာ မြို့နယ်အဆင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် မြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အဆင့်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့၊ အဖွဲ့ဝင်များဖြစ်သည့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းလင်း၊ မြို့နယ်လဝကမှူး ဦးထွန်းထွန်းဇော်၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်နှင်းယုထွေး၊ မြို့နယ်စာရင်းစစ်ဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ဝင်းဝင်းအေး၊ မြို့နယ်အခွန်ဦးစီးမှူး ဒေါ်လွင်လွင်ထွန်းတို့က "အဂတိလိုက်စားမှု၏အဓိပ္ပာယ်၊ အဂတိတရား (၄)ပါး၊ အဂတိလိုက်စားမှုပုံစံများ၊ အဂတိလိုက်စားမှုဥပဒေပြဌာန်းရခြင်းရည်ရွယ်ချက်၊ အဂတိလိုက်စားမှုနှင့်ပတ်သက်သည့် ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို ကဏ္ဍအလိုက် အသိပညာပေးပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတို့က အဂတိလိုက်စားမှုနှင့်ပတ်သက်၍ သိရှိလိုသည်များ ပြန်လည်မေးမြန်းရာ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)