တောင်ငူ မေ ၁၄
ပြန်ကြားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့ မွန်းလွဲ(၁)နာရီ (၄၅)မိနစ်အချိန်တွင် တောင်ငူမြို့၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများကို တွေ့ဆုံမှာကြားသည်။
ဆက်လက်၍ မွန်းလွဲပိုင်း(၂)နာရီ (၁၅)မိနစ်အချိန်တွင် တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ ရောက်ရှိကာ စာကြည့်တိုက်နှင့် ရုံးလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများကို တွေ့ဆုံမှာကြားသည်။ ဒုတိယဝန်ကြီးဦးရဲတင့်က ဝန်ထမ်းများကို တွေ့ဆုံမှာကြားရာတွင် လက်ရှိနိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုအရ ရပ်ကွက်၊ ကျေးရွာများတွင် စာကြည့်တိုက်များဖွင့်လှစ်ရေးတို့ကိုအလေးထားဆောင်ရွက်ရန်၊ လူငယ်များအပါအဝင် ပြည်သူများစာပေလေ့လာဖတ်ရှုလိုစိတ် တိုးပွားလာစေရေးအတွက် စာကြည့်တိုက်မှူးများက အလေးထားဆောင်ရွက်ကြရန်၊ ရွေ့လျားစာကြည့်တိုက်ယာဥ်ဖြင့် အခြေခံပညာကျောင်းများ၊ သက်မွေးသင်တန်းကျောင်းများနှင့် ရပ်ကွက်ကျေးရွာများကို အခြေပြုပြီး စာအုပ်စာစောင်များ ပြည်သူများလက်ဝယ်အရောက်ငှားရမ်းဆောင်ရွက်ပေးရန်၊ ကျောင်းစာကြည့်တိုက်များ ရှင်သန်ရေးအတွက်လိုအပ်သည့် အကူအညီများဆောင်ရွက်ရန်၊ ထပ်ဆင့်လွှင့်စက်ရုံများ၊ စက်ပစ္စည်းများကို သတ်မှတ်ချက်များနှင့်ညီ ပုံမှန်ပြုပြင်ထိန်းသိမ်းပြီး ရေရှည်သုံးစွဲနိုင်ရေးဂရုပြုဆောင်ရွက်ရန်၊ မီးဘေးလုံခြုံရေးအထူးဂရုပြုကြရန်၊ နိုင်ငံဝန်ထမ်းကောင်းပီသစွာဖြင့် ဝန်ထမ်းသစ္စာအဓိဋ္ဌာန်(၆)ချက်နှင့်အညီ တာဝန်သိသိ၊ သစ္စာရှိရှိဖြင့် ဆောင်ရွက်သွားကြရန်တို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ဇော်ကိုကို (တောင်ငူ)