အိမ်မဲ မေ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် Woman Club အဖွဲ့တို့ ပူးပေါင်း ကာ အခမ်းအနားမှူးတစ်ယောက်အဖြစ် တာဝန်ယူဆောင်ရွက်ရာတွင် အခမ်းအနားမှူး တစ်ဦးတွင် ရှိရမည့် အဓိကအရည်အချင်းများကို သိရှိနာလည်စေရန်၊ အခမ်းအနားအစီအစဥ် အစ၊ အလယ်၊ အဆုံး တာဝန်ယူဆောင်ရွက်နိုင်သည့် အခမ်းအနားမှူးကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အခမ်းအနားမှူးသင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် Woman Club ဥက္ကဋ္ဌ ဒေါ်မူယာစိုး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစတင်မျိုးလွင်တို့က သင်တန်းဖွင့်အမှာစကားများကိုလည်းကောင်း အသီးသီးပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားကို သင်တန်းနည်းပြအဖြစ် မြို့နယ်ပြန်/ဆက် ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်၊ အ.ထ.က (၁)ကျောင်းမှ အလယ်တန်းပြဆရာမ ဒေါ်စန်းယုရွှေနှင့် ဒေါ်နုနုရွှေတို့က မေလ (၁၃)ရက်နေ့မှ (၁၅)ရက်နေ့ အထိ သင်တန်းသား (၂၀)ဦးကို အခမ်းအနားမှူးတစ်ယောက်တွင် ရှိသင့်ရှိထိုက်သည့် အရည်အချင်းများ၊ ရုပ်ပိုင်းဆိုင်ရာ၊ အသံပိုင်းဆိုင်ရာ၊ ဝတ်စားဆင်ယင်မှု၊ အခမ်းအနားမှူးတစ်ဦး၏ ဆောင်ရန်၊ ရှောင်ရန်များ၊ လေယူလေသိမ်းနှင့် အဖြတ်အတောက် မှန်ကန်စွာ သုံးစွဲပြောဆိုခြင်းစသည့် အခြေခံအချက်အလက်များကို စာတွေ့၊ လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)