ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲနှင့် ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်းပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ပုသိမ် မေ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရှေးဟောင်းသမိုင်းဝင် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်၌ ၁၃၈၆ ခုနှစ်၊ ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ပွဲနှင့် ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းပွဲ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) တွင် ပြုလုပ်ခဲ့သည်။

ကဆုန်ညောင်ရေသွန်း လောင်းပူဇော်ပွဲနှင့် ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းပွဲ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ပွဲနှင့် ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းပွဲအား နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း၊ ဆွမ်းဆန်တော်အလှူခံမည့် ဆရာတော် သံဃာတော်များ ကြွရောက်ရန်နှင့် လောင်းလှူပူဇော်မည့် နေရာများအား ကြိုတင်စီမံဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဆွမ်းဆန်တော် လောင်းလှူပူဇော်ပွဲတွင် ဌာနဆိုင်ရာများ၊ အလှူရှင်များဖြင့် စည်စည်ကားကား ကျင်းပနေမှုများကို စနစ်တကျမှတ်တမ်းတင်ဆောင်ရွက်ရန် လိုပါကြောင်း၊ အခမ်းအနားကျင်းပမည့် စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်နှင့် စောင်းတန်းများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး အလေးထားဆောင်ရွက်ရန်လိုပါကြောင်း၊ ကဆုန်ညောင်ရေသွန်းပွဲအား ပြည်သူလူထု ပူးပေါင်းပါဝင်ပြီး စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပနိုင်ရေး ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ၁၃၈၆ ခုနှစ်၊ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲနှင့် ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီများအလိုက် ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း” အမှာစကားပြောကြားသည်။

ထို့နောက် သံဃာတော်များ ပင့်ဆောင်ရေး၊ ကြိုဆိုနေရာချထားရေးနှင့် ပြန်လည်ပင့်ဆောင်ရေးလုပ်ငန်းကော်မတီ၊ လှူဖွယ်ပစ္စည်းများစီစဉ်ရေး၊ ဆွမ်းဆန်တော်လောင်းလှူ ရေးလုပ်ငန်းကော်မတီ၊ အခမ်းအနားပြင်ဆင်ရေးလုပ်ငန်းကော်မတီ၊ ဧည့်ခံကျွေးမွေးရေး လုပ်ငန်းကော်မတီ၊ လုံခြုံရေးလုပ်ငန်းကော်မတီ၊ ကျန်းမာရေးလုပ်ငန်းကော်မတီ၊ ဘဏ္ဍာငွေ ထိန်းသိမ်းရေးနှင့် စိစစ်ရေးလုပ်ငန်းကော်မတီ၊ စာရင်းစစ်ဆေးရေးကော်မတီ၊ ဖိတ်ကြားရေး၊ ကြိုဆိုနေရာချထားရေးလုပ်ငန်းကော်မတီ၊ သတင်းပြန်ကြားရေးနှင့် မှတ်တမ်းတင်ရေး လုပ်ငန်းကော်မတီတို့မှ တာဝန်ရှိသူများ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)