သာပေါင်း မေ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မေလ ၁၂ ရက်နေ့၊ ညနေ ၆ နာရီအချိန်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၃)လုံး ပြိုကျ၊ အမိုးလန်နေအိမ် (၁)လုံးပျက်စီးခဲ့ရသည့် မိသားစုများအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းဖိုးများ ထောက်ပံ့ပေးအပ်ခဲ့သည်။
မိုးသက်လေပြင်းတိုက်ခတ်၍ အမိုးလန်ပျက်စီးဆုံးရှုံးခဲ့ရသည့် အိမ်ထောင်စု(၄)စုမှ လူဦးရေ (၉)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ ရန်ပုံငွေ (၁၈၉၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၃၁၅၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ (၃)ပုံး တန်ဖိုးငွေ (၁၃၈၁၀၈/-)၊ ပေါင်းရန်ပုံငွေ (၃၃၃၉၀၀/-)တို့အား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသန်းနိုင်၊ အဖွဲ့ဝင်(၂)ဦးကျော်တိုးနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဒေါ်ခိုင်ခိုင်ဝင်းတို့က လေဘေးသင့်မိသားစုများနေထိုင်ရာ ကျေးရွာအရောက် လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း