နတ်မောက် မေ ၁၄
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ကိုယ်ဝန်ဆောင်မိခင်များအား အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ကိုယ်ဝန်ဆောင်မိခင်များအား အသိပညာပေးဟောပြောရာတွင် နတ်မောက်မြို့ ကျန်းမာရေးမှူး အဆင့် (၁) ဒေါ်ရီရီငြိမ်းက ကိုယ်ဝန်ဆောင်မိခင်တိုင်း ကျန်းမာရေးကို စောင့်ရှောက်ကြရန်၊ ကျန်းမာရေး ဆရာ/ဆရာမများ သတ်မှတ်ပေးထားသည့်အတိုင်း အစာအာဟာရ အုပ်စုများကို ညီမျှပြည့်ဝစွာ အသုံးပြုကြရန်၊ ထိုသို့အသုံးပြုခြင်းဖြင့် မိမိတို့မွေးဖွားလာသည့် ရင်သွေးငယ်များ ကျန်းမာဝဖြိုးပြီး ဉာဏ်ရည်ထက်မြက်မှာ ဖြစ်ပါကြောင်း၊ ရင်သွေးငယ်များအား မိခင်နို့တိုက်ကျွေးရန်နှင့် တစ်ကိုယ်ရေသန့်ရှင်း အလေးထားစေချင်ပါကြောင်းစသည့် ကျန်းမာရေးအကြောင်း သိကောင်းစရာများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ကိုယ်ဝန်ဆောင်မိခင်များအား မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနရှိ ဆရာ/ဆရာမများက သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကိုယ်အလေးချိန် တိုင်းတာပေးခြင်းနှင့် ကိုယ်ဝန်ဆောင်အားဆေးများ ပေးအပ်ခဲ့ကြောင်း သိရသည်။
လှဝင်း