သာပေါင်းမြို့နယ်တွင် သွေးလွန်တုပ်‌ကွေးရောဂါ ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းများ ဆောင်ရွက်ပေး

သာပေါင်း မေ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် သွေးလွန်တုပ်‌ကွေးရောဂါကာကွယ်ရေးအတွက် ယမန်နေ့မေလ ၁၃ ရက်နေ့၊ နံနက် ၇ နာရီခွဲအချိန်က ခြင်ခိုလှုံပေါက်ဖွားနိုင်သော နေရာများအား လိုက်လံစစ်ဆေးခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းများ ဆောင်ရွက်ပေးနေလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်ဝင်း (မိခင်နှင့်ကလေး ကျောင်းကျန်းမာ အာဟာရ)နှင့် ဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နုနုလှိုင်နှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့တို့က အမှတ်(၃)ရပ်ကွက်၊ ရုံးပေါင်းစုံလမ်း ပတ်ဝန်းကျင်ရှိ ပိုးလောက်လန်း ပေါက်ပွားနိုင်သည့် နေရာများကို စစ်ဆေးပြီး၊ ဖုံး၊ သွန်၊ လဲ၊ စစ်၊ လုပ်ငန်းများ ပုံမှန်ဆောင်ရွက်ရန်၊ မိုးရေတင်နိုင်သော တာယာကွင်းများ၊ အိုးခွက်များအတွင်း ခြင်ပေါက်ပွားမှု မရှိစေရေး၊ ပိုးလောက်လန်းပေါက်ပွားမှု ရှိ/ မရှိ လိုက်လံစစ်ဆေးပြီး ခြင်ပေါက်ပွားမှုမရှိစေရေး သန့်ရှင်းရေးဆောင်ရွက်ရန်တို့ကို အသိပညာပေးမှာကြားပြီး သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိပ်နင်းရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း

သာပေါင်း (ပြန်/ဆက်)