ချောက်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ​မြို့နယ်အဆင့်ကျောင်းအပ်နှံရေး၊ သီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ် ပိုစတာစိုက်ထူပွဲ ကျင်းပ

ချောက် မေ ၁၄

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်အဆင့်၊ ကျောင်းအပ်နှံရေးသီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ် ပိုစတာစိုက်ထူပွဲကို ယနေ့နံနက် ၇ နာရီခွဲအချိန်က မြို့နယ်ပညာရေးမှူးရုံးရှေ့တွင် ကျင်းပ​ပြုလုပ်ခဲ့သည်။ ဆောင်ပုဒ်ပါ ကျောင်းအပ်နှံရေး သီတင်းပတ်မြေစိုက်ပိုစတာအား အမွှေးနံသာများ ပတ်ဖျန်း၍ စိုက်ထူခဲ့ကြသည်။

ရှေးဦးစွာ“ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ပါ ကျောင်းအပ်နှံရေးသီတင်းပတ်မြေစိုက်ပိုစတာအား ခရိုင်ပညာရေးမှူး ဦးမန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်လေးဖြူတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်​ပေး​ခဲ့ကြသည်။ အဆိုပါဆိုင်းဘုတ်စိုက်ထူပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းနွမ်ခမ်းခေါင်နှင့် အဖွဲ့ဝင်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ​​မြန်မာတစ်နိုင်ငံလုံးရှိ ​​ကျောင်းနေအရွယ်က​​လေးအားလုံး ​​ကျောင်းအပ်နှံ​ရေး သီတင်းပတ်ကို ​​မေလ(၂၃)ရက်နေ့မှ ဇွန်လ(၂)ရက်နေ့အထိ သတ်မှတ်ထားကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)