တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန၏ စီစဥ်ညွှန်ကြားမှုဖြင့် တောင်တွင်းကြီးမြို့နယ်အတွင်း မျက်စိတိမ်ရောဂါကင်းစင်ပပျောက်ရေး တိုင်း​ပြည်သူဆေးရုံတွင် ကုသနိုင်ရန် ကျန်းမာရေးစစ်ဆေးမှုများ အဆင့်ဆင့်ကွင်းဆင်းဆောင်ရွက်

တောင်တွင်းကြီး မေ ၁၄

မကွေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၏ စီစဥ်ညွှန်ကြားမှုဖြင့် တောင်တွင်းကြီးမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာနေဇော်အောင် ဦးဆောင်၍ မျက်ခမ်းစပ်နှင့် မျက်မမြင်ရောဂါကာကွယ်ရေးစီမံကိန်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးလက်ကျန်းမာရေးဝန်ထမ်းများက ဝါးခြမ်းကာကျေးရွာနှင့် ချောင်းနက်(အရှေ့၊ အနောက်) ကျေးရွာများတွင် ယမန်နေ့နံနက်ပိုင်းအချိန်က မျက်စိတိမ်ရောဂါကင်းစင်ပပျောက်ရေး ခွဲစိတ်ကုသမှုများဆောင်ရွက်နိုင်​ရန် ကျန်းမာရေးစစ်ဆေးမှုများ အဆင့်ဆင့်ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် တိုင်းပြည်သူ့ဆေးရုံကြီး၌ အထူးကုဆရာဝန်ကြီးများ၏ မျက်စိတိမ်ရောဂါခွဲစိတ်ကုသမှုများ ဆောင်ရွက်နိုင်ရေး မျက်စိတိမ်ရောဂါတွေ့ရှိသူများအား အပတ်စဥ်များခွဲ၍ ကုသမှုများခံယူနိုင်ရန် ပိုဆောင်ပေးသွားမည်ဖြစ်ရာ ဝါးခြမ်းကာကျေးရွာမှ  မျက်စိတိမ်ရောဂါတွေ့ရှိသူ(၁၅)ဦးအား မေလ ၁၇ ရက်နေ့၊ ချောင်းနက်(အနောက်)ကျေးရွာများမှ မျက်စိတိမ်ရောဂါတွေ့ရှိသူ (၁၆)ဦးအား မေလ ၁၉ ရက်နေ့၊ ချောင်းနက်(အရှေ့)ကျေးရွာမှ မျက်စိတိမ်ရောဂါတွေ့ရှိသူ(၁၁)ဦးအား ဂျွန်လ ၅ရက်နေ့၊ စုစုပေါင်း(၄၂)ဦးတို့အား သုံးသုတ်ခွဲ၍  တိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီးတွင် အခမဲ့ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်နောင်စိုး(ပြန်/ဆက်)