ပေါင်းတည် မေ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ် သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်နှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်၍ ၂၀၂၄ ခုနှစ် မိုးရာသီအတွက် စိုက်ပျိုးနိုင်ရန် ပျိုးဥယျာဉ်ခြံတွင် ပျိုးပင်များ ပျိုးထောင်လျက်ရှိကြောင်း သိရသည်။
မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် နှစ်စဉ် မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန် သစ်တောပြုန်းတီးမှုကြောင့် ကြုံတွေ့ရသည့် ရာသီဥတုပြောင်းလဲမှု ဂေဟစနစ်များ မျှတကောင်းမွန်စေရန်၊ ရေတိုက်စားမှုကြောင့် ပျက်စီးဆုံးရှုံးသည့် သဘာဝတောများ ပြန်လည်ကောင်းမွန်စေရန် ရည်ရွယ်၍ ကျွန်း၊ ကံ့ကော်၊ ရှား၊ တမာ၊ မဲဇလီ၊ ကုက္ကို၊ ရေတမာ၊ ခရေ စသည့် ဒေသရေမြေနှင့် ဆီလျော်သည့် ပျိုးပင်များကို ပြုစုပျိုးထောင်၍ အကောင်အထည်ဖော်စိုက်ပျိုးဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ကျေးလက်ဒေသစိမ်းလန်းစိုပြည်စေရေးအတွက် အရိပ်ရပျိုးပင်များ အခမဲ့ဖြန့်ဝေပေးခြင်း၊ ကျေးရွာနေပြည်သူများနှင့် ပူးပေါင်းကာ ဒေသခံပြည်သူများ အစုအဖွဲ့ပိုင်သစ်တောစိုက်ခင်းများ တည်ထောင်စိုက်ပျိုးခြင်း၊ သဘာဝဘေးကြောင့် ပျက်စီးသည့် သစ်တောသစ်ပင်များ ကောင်းမွန်ရေးအတွက် ရေဝေရေလဲစိုက်ခင်းများ စိုက်ပျိုးခြင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယခုနှစ် မိုးရာသီတွင်လည်း မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရေးအတွက် အကောင်အထည်ဖော်စိုက်ပျိုးရန် ကျွန်း၊ မယ်ဇလီ၊ ရေတမာ၊ သစ်စိမ့်၊ ကုက္ကို၊ တမာ၊ စိန်ပန်းကြီး၊ မျှင်ဝါး၊ ၊ ယူကလစ်၊ ရှား၊ ခရေ စသည့် သစ်ပင်ပျိုးပင်များ ပျိုးထောင်ထားလျက်ရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
သူရကြီး (ပြန်/ဆက်)