မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တောင်တွင်းကြီးမြို့နယ်အတွင်းရှိ လောကတက္ကသိုလ်စာကြည့်တိုက်တွင် သုတ၊ ရသစာအုပ်စာစောင်များအား ပေးအပ်လှူဒါန်း၊ ပြည်သူ့စစ်မှုထမ်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းသားများအားတွေ့ဆုံ

တောင်တွင်းကြီး မေ ၁

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် တောင်တွင်းကြီးမြို့နယ်၊ သီရိရပ်ကွက်ရှိ လောကတက္ကသိုလ်စာကြည့်တိုက် တည်ဆောက်ထားရှိမှုအခြေအနေများအား ကြည့်ရှုပြီး စာကြည့်တိုက်တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

ရှေးဦးစွာ  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုများ ဆောင်ရွက်ရန်အတွက် တောင်တွင်းကြီးမြို့နယ်၊ သီရိရပ်ကွက်ရှိ လောကတက္ကသိုလ်စာကြည့်တိုက်သို့ ရောက်ရှိပြီး စာကြည့်တိုက်ကော်မတီဝင်များနှင့် တွေ့ဆုံကာ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်စေရေးဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းပြောကြားပြီး စာကြည့်တိုက်အတွက် သုတ၊ ရသစာအုပ်စာစောင်များအား ပေးအပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် တောင်တွင်းကြီးမြို့နယ် အမှတ်(၇)၊ စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်းသို့ ရောက်ရှိပြီး သင်တန်းတက်ရောက်နေသည့် ပြည်သူ့စစ်မှုထမ်းအမှတ်စဉ်(၁/၂၀၂၄) သင်တန်းသားများအား တွေ့ဆုံရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံးမှ ဒုတိယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ်မြင့်ကျော်ထွန်းတို့က အသီးသီး အားပေးစကားပြောကြားကာ ​ပြည်သူ့စစ်မှုထမ်းသင်တန်းတက်​ရောက်နေသည့် သင်တန်းသားများအတွက် ထောက်ပံ့ငွေများပေးအပ်ပြီး သင်တန်းသားများ နေ့လည်စာသုံးဆောင်နေမှုကို လှည်လည်ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် တောင်တွင်းကြီးမြို့၊ မောင်းတိုင်(၂)ရပ်ကွက်၊ ငှက်ပစ်တောင်ကျောင်းတိုက်တွင် ဖွင့်လှစ်ထားသည့် ငှက်ပစ်တောင် ကျောက်ကပ် သွေးသန့်စင် စင်တာသို့ ရောက်ရှိ၍ ဆေးကုသမှုခံယူနေသည့် လူနာများအား ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ရန်နောင်စိုး(ပြန်/ဆက်)