ကံမမြို့နယ်၌  ဈေးကွက်အတွင်း ဆေးနှင့် ဆေးပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး ကွင်းဆင်းစစ်ဆေး

ကံမ မေ ၁၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌  စည်ပင်သာယာမြို့မဈေးအတွင်းနှင့် မြို့ပေါ်ရပ်ကွက်များရှိ ဆေးဆိုင်များတွင် ဆေးနှင့် ဆေးပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး ကွင်းဆင်း စစ်ဆေးခြင်းကို ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၊ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ ဝန်ထမ်းများ ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီက  ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ထိုသို့စစ်ဆေးရာ၌ ဆေးနှင့် ဆေးပစ္စည်းများ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ မရှိစေရေးအတွက် ဈေးကွက်အတွင်း ကွင်းဆင်းလေ့လာစစ်ဆေးခြင်း၊ အသိပညာပေးခြင်းတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)