ပွင့်ဖြူ မေ ၁၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်း မီးလောင်မှုနှင့် မီးလန့်မှုဖြစ်စဉ်များ လျော့နည်းပပျောက်စေရန်နှင့် မီးဘေးကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသခြင်းကို ယမန်နေ့ ညနေ ၄ နာရီခွဲက ပွင့်ဖြူမြို့နယ် လယ်ကိုင်းနယ်မြေရဲစခန်း၌ ကျင်းပသည်။
ထိုသို့ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ် မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်က မီးဘေးအန္တရာယ်ဖြစ်ပွားရခြင်း၏ အကြောင်းအရင်းများ၊ မီးဘေးကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်သည့် သိကောင်းစရာများနှင့် မီးသတ်ဆေးဘူးအသုံးပြု၍ အရေးပေါ်မီးငြှိမ်းသတ်နည်းစနစ်များကို အသိပညာပေး ရှင်းလင်းဆွေးနွေးဟောပြောသည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက လယ်ကိုင်းနယ်မြေရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင်မိသားစုများကို မီးဘေးအန္တရာယ်ကြုံတွေ့ပါက အရေးပေါ်မီးသတ်ဆေးဘူး / ရေစိုဝတ်အသုံးပြု၍ မီးငြှိမ်းသတ်နည်းစနစ်များနှင့် မီးငြှိမ်းသတ်ပစ္စည်းများ အသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်နည်းစနစ်များကို ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသရာ ရဲတပ်ဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင်မိသားစုများက ပူးပေါင်းပါဝင်လေ့ကျင့်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
အသိပညာပေးဟောပြောပွဲအပြီးတွင် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက နယ်မြေရဲစခန်းဝန်းရှိ ရုံးအဆောက်အဦများနှင့် ဝန်ထမ်းနေအိမ်လိုင်းခန်းများတွင် တပ်ဆင်အသုံးပြုလျက်ရှိသော လျှပ်စစ်မီးလိုင်းများနှင့် လျှပ်စစ်မိန်းခုံများ မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ၊ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက လွယ်လင့်တကူ မီးငြှိမ်းသတ်နိုင်ရေးအတွက် မီးသတ်ဆေးဘူးများ ကြံ့ခိုင်ကောင်းမွန်မှု ရှိ/မရှိ၊ ရေလှောင်ကန်များတွင် ရေဖြည့်တင်းထားမှု ရှိ/မရှိနှင့် မီးလောင်လွယ်စေသော လောင်စာနှင့် အမှိုက်သရိုက်များ စနစ်တကျသန့်ရှင်းရေး ဆောင်ရွက်ထားခြင်း ရှိ/မရှိတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)