ပုလဲ နိုဝင်ဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာမဲရုံများတွင် ယနေ့နံနက် ၆ နာရီမှစတင်၍ မဲဆန္ဒရှင်ပြည်သူများသည် သက်ဆိုင်သည့် မဲရုံအလိုက် စိတ်ချမ်းမြေ့စွာ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
ပုလဲမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ မဲရုံများတွင် မဲဆန္ဒရှင် ပြည်သူများ ဆန္ဒမဲပေးနိုင်ရန်အတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များက ဆန္ဒမဲထည့်မည့် မဲပုံးများအတွင်း မည်သည့်အရာမျှ မရှိကြောင်း အသိသက်သေများ၏ ရှေ့မှောက်တွင် ပြသ၍ လုံခြုံရေးကြိုးများဖြင့် စနစ်တကျပိတ်ပြီး ဆန္ဒမဲပေးပိုင်ရှိသည့် ပြည်သူများက စတင်၍ ဆန္ဒမဲပေးနိုင်ပြီဖြစ်ကြောင်း အသိပေးကြေညာခဲ့သည်။
ထို့နောက် မြို့နယ်ပြည်သူကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက တာဝန်ကျသည့် မဲရုံများတွင် ဆန္ဒမဲလာရောက်ပေးသည့်ပြည်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လက်သန့်ဆေးရည်ဖျန်းခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ နှာခေါင်းစည်း ( Mask ) များ တပ်ဆင်ပေးခြင်း၊ တစ်ဦးနှင့် တစ်ဦး ၆ ပေခွာ၍ မဲရုံအတွင်းသို့ ဝင်ရောက်စေခြင်း၊ မဲစာရင်း စစ်ဆေးခြင်း၊ မဲလက်မှတ်ထုတ်ပေးခြင်း၊ မဲထည့်ခြင်း၊ မဲထည့်ပြီးကြောင်း အမှတ်အသားအဖြစ် လက်သန်းတွင် မင်တို့ခြင်းများကို စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများကလည်း မိမိတို့၏ ဆန္ဒအလျောက် စိတ်ချမ်းမြေ့စွာ ဆန္ဒမဲများကို ပေးလျက်ရှိသည်။
ပုလဲမြို့နယ်တွင် ရပ်ကွက် (၂) ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၉)အုပ်စုရှိ၍ မဲရုံပေါင်း ၁၆၁ရုံ သတ်မှတ်ထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း ၁၂၆၇၄၀ ရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
မြင့်သိန်းစိုး(ပြန်/ဆက်)