မြောင်းမြ မေ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များဗလငါးတန်ပြည့်စုံစေရေး၊ အသိပညာဗဟုသုတ တိုးပွားစေရေး၊ နှုတ်မှုစွမ်းရည်ထက်မြတ်ပြီး ရဲဝံ့လိမ္မာစွာစကားပြောဆိုနိုင်ရေးတို့အတွက် လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်က အ.ထ.က (၁) ကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က လူငယ် စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြောင်းမြခရိုင် သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းဆွေက “ကမ္ဘာ့ရာသီဥတုနှင့် သစ်တောများ၏ အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။ ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ Youth Club အဖွဲ့ ဥက္ကဋ္ဌ ဦးဟန်ဇင်နိုင်းက ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်၍ G-12 မှ စဝေယံမိုးက “လူငယ်နှင့် ကျောင်းစာကြည့်တိုက်”၊ မယဉ်ဖြူစင်က “စာကြည့်တိုက်မှာပညာရှာ”၊ G-11 မှ မောင်မင်းထွဋ်ခေါင်စိုးက “စာအုပ်စာပေ လူ့မိတ်ဆွေ” နှင့် မထက်မြက်ရွှေရည်က “လူငယ်နှင့် စာပေလေ့လာမှု” ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးကြပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူ များက သိလိုသည်များကို မေးမြန်းကြရာ ဆွေးနွေးသူ ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြား ပေးခဲ့ကြပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က ဖြည့်စွက်ဖြေကြားပေးခဲ့သည်။ လူငယ်စကား ဝိုင်းနှင့် ဟောပြောပွဲများအပြီးတွင် မြောင်းမြခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ (၁၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇေယျာ (ပြန်/ဆက်)