ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး တိုင်းရင်းသားရေးရာအသိပညာပေးခြင်း အခမ်းအနားတက်ရောက်

ဘိုကလေး မေ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့ နံနက်(၈)နာရီခွဲအချိန်၌ တိုင်းရင်းသားရေးရာ အသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်နှင့်အတူ ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဘိုကလေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ဘိုကလေးမြို့နယ်အတွင်းမှ တိုင်းရင်းသားမိဘပြည်သူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဦးစောလင်းခယ်က တိုင်းရင်းသားများအနေဖြင့် မိမိတို့၏ တိုင်းရင်းသားစာပေနှင့်စကား ဖွံ့ဖြိုးတိုးတက်မှ မိမိတို့၏ လူမျိုးတိုးတက် မည်ဖြစ်သဖြင့် မိမိတို့စာပေ၊ စကား၊ ယဉ်ကျေးမှုများအား ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ တိုင်းရင်းသားများ၏ လူမှုစီးပွား ဘက်စုံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း တာဝန်ရှိသူများအပါအဝင် အားလုံးပူးပေါင်းဝိုင်းဝန်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ တိုင်းရင်းသား/သူများ အပါအဝင် ကျောင်းသား/သူများအနေဖြင့်လည်း ဘက်စုံကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် စာသင်ကျောင်းများတွင် တာဝန်ရှိသူများက ကျောင်းစာကြည့်တိုက်များ ဖွင့်လှစ်ထားရှိပေးရန်နှင့် စာများများဖတ်ရှုလေ့လာနိုင်ရေး တိုက်တွန်းနှိုးဆော်ကြရန် လိုအပ် ကြောင်း အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ ဖျာပုံခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်းက မိတ်ဆက်စကားပြောကြားခြင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်စန်းက တိုင်းရင်းသားရေးရာကိစ္စရပ်များအား အသိပညာပေးပြောကြားခြင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်စုငြိမ်းက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများအား အသိပညာပေးခြင်း၊ ဖျာပုံခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ထွေးကြည်က လူမှုရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများအား အသိပညာပေးခြင်း၊ ဘိုကလေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝင်းစိုးဦးက စိုက်ပျိုးရေးဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ အသိပညာပေးခြင်းတို့ဆောင်ရွက်ခဲ့ကြပြီး တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန တာဝန်ရှိသူများက အခမ်းအနားတက်ရောက်လာကြသည့် တိုင်းရင်းသားများအား အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်နှင့် ပတ်သတ်၍ စစ်တမ်းကောက်ယူခြင်းတို့ ဆောင်ရွက်ခဲ့ကြ သည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်နှင့် အတူ  ဘိုကလေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့လိုက်ပါ၍ ဘိုကလေးမြို့နယ်အတွင်းရှိ ဘိုကလေးတင့်အောင် စာကြည့်တိုက်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းစာကြည့်တိုက်တို့ထံ သွားရောက်ကာ စာကြည့်တိုက်မှူးများ၊ စာကြည့်တိုက် ကော်မတီဝင်များနှင့် တွေ့ဆုံကာ စာကြည့်တိုက်ဖွင့်လှစ်ထားရှိမှု အခြေအနေများအား ကြည့်ရှုူစစ်ဆေးခဲ့ပြီး စာကြည့်တိုက်များ ဆက်လက်ရှင်သန်နိုင်ရေး၊ စာဖတ်ပရိတ်သတ်များ တိုးပွားစေရေးတို့အတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)