ရေနံချောင်းမြို့နယ် မီးသတ်ဦးစီးဌာနက သောက်သုံးရေအခက်အခဲဖြစ်သည့် ရပ်ကွက်နှင့် ကျေးရွာများအား သောက်သုံးရေများ လှူဒါန်းပေး

ရေနံချောင်း မေ ၁၃

မကွေးတိုင်းဒေသကြီးချောက်ခရိုင်၊ ရေနံချောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ပူးပြင်းခြောက်သွေ့သည့် နွေရာသီကာလတွင် သောက်သုံးရေးအခက်အခဲဖြစ်သည့် ရပ်ကွက်နှင့် ကျေးရွာများအား သောက်သုံးရေများ လှူဒါန်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက သာလူးကန်ကျေးရွာခွဲ(ဗူးကုန်းကျေးရွာ)တွင် သောက်သုံးရေဂါလံ ၄၉၀၀ ကို သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကြည်စိုးဟန် ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင် ငါးဦးက မီးသတ်ရေသယ်ယာဉ်ဖြင့် ရေဂါလံ ၁၆၀၀ ကိုလည်းကောင်း၊ နောင်ရိုးနယ်မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးခိုင်လင်းကျော် ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင် သုံးဦးက မီးငြှိမ်းသတ်ယာဉ်ဖြင့် ရေဂါလံ ၈၀၀ ကိုလည်းကောင်း၊ အဖြူရောင်တွဲလက်ညီအကိုများ ပရဟိတလူမှုကူညီရေးအသင်းက ရေသယ်ယာဉ်ဖြင့် ရေဂါလံ ၂၅၀၀ ကိုလည်းကောင်း၊ စုစုပေါင်း ရေဂါလံ ၄၉၀၀ ကို သာလူးကန်ကျေးရွာခွဲ (ဗူးကုန်းကျေးရွာ)ရှိ ဒေသခံပြည်သူများ သောက်သုံးရေဖူလုံစေရန် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် အပူပိုင်းဒေသစိန်းလန်းစိုပြည်ရေးဦးစီးဌာနမှလည်း သောက်သုံးရေးများလှူဒါန်းပေးလျက်ရှိရာ မေ ၉ ရက်က သောက်သုံးရေလိုအပ်လျက်ရှိသည့် သူဌေးကုန်းရပ်ကွက် ယာကြီးပြင်ရပ်ကွက်ရှိ အိမ်ထောင်စု ၁၅၀ နှင့် ကျေးရွာဓမ္မာရုံအတွက် သောက်သုံးရေဂါလံ ၂၄၀၀ ကို ဌာနပိုင်ရေသယ်ယာဉ်ဖြင့် သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)