ရေဦးတွင် (ဒုတိယအကြိမ်) အခြေခံပန်းချီသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ရေဦး မေ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ဒုတိယအကြိမ် ဖွင့်လှစ်သင်ကြားခဲ့သော အခြေခံပန်းချီသင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေဝင်းက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာ ပန်းချီဆရာ သန်းသန်းက အထိမ်းအမှတ် နေ့ထူးနေ့မြတ် ကျောင်းတွင်းပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီနှင့် ရေဆေးပန်းချီများ ရေးဆွဲရာတွင် သတိထားရမည့်အချက်များ၊ ပြိုင်ပွဲဝင် မည့်သူများ ကြိုတင်ပြင်ဆင်လေ့ကျင့်ရမည့်အချက်များကို ထပ်မံရှင်းလင်းမှာကြားခဲ့သည်။

အဆိုပါသင်တန်းနှင့်ပတ်သက်၍ Grade-5 ကျောင်းသား မောင်သူရဦးက “သင်တန်းတက်ရတာ အလွန်ပျော်ပါတယ်။ အစက ပုံတစ်ပုံမှ မဆွဲတတ်ပါဘူး၊  သင်တန်းတက်မှ ပုံတွေတော်တော် များများ ဆွဲတတ်လာခဲ့ပါတယ်။ အခုလို ပြိုင်ပွဲဝင်ပန်းချီပုံတွေလည်း အသင့်အတင့်ဆွဲတတ်ခဲ့လို့ ပြိုင်ပွဲဝင်ဖို့ ထက်သန်နေပါတယ်။ ဒါတင်မကသေးပါဘူး စာကြည့်တိုက်မှာ ကလေးစာပေတွေ အစုံရှိတယ်။ အခမဲ့ငှားရမ်းပေးတယ်လို့ သိရပါတယ်။ သားနှင့်အတူ သင်တန်းတက်ဖော်တွေ အားလုံးကို စာဖတ်တဲ့အလေ့အကျင့်ဖြစ်အောင် ဌာနဝန်ထမ်းတွေက သင်ကြားပေးတဲ့အတွက် များစွာ အကျိုးရှိစေပါတယ်။ ဒါ့ကြောင့် ကလေးများ အားလပ်ချိန်ကို အကျိုးရှိရှိ အသုံးချမယ် ဆိုပါက စာကြည့်ကိုသွားကြဖို့ ပြောပြခြင်းဖြစ်ပါတယ်” ဟု ရင်တွင်းဆန္ဒကို ပြောပြသွားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက သင်တန်းသားများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီး အအေးနှင့် မုန့်များ တိုက်ကျွေးခဲ့ကြကြောင်း သိရသည်။

သန်းသန်း (ရေဦး)