ဘားအံ၌ သက်မွေးပညာ ကာလတိုသင်တန်းများဖွင့်လှစ်

ဘားအံ မေ ၁၃

ကရင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီနှင့် ပညာရေးနှင့်အသက်မွေးဝမ်းကျောင်း လုပ်ငန်းကော်မတီမှကြီးမှူး၍ သက်မွေးပညာကာလတို သင်တန်းများဖြစ်သော အခြေခံကွန်ပျူတာသင်တန်း(၃/၂၀၂၄)၊ မိတ်ကပ်နှင့် ဆံပင်အလှပြုပြင်ခြင်းသင်တန်း(၂/၂၀၂၄)နှင့် အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းခြင်းသင်တန်း (၁/၂၀၂၄)တို့၏ သင်တန်းများဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သင်တန်းသား၊ သင်တန်းသူများအနေဖြင့် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်တွင်ပါဝင်ဆောင်ရွက်နေခြင်းဖြစ်ပြီး အသိပညာ၊ အတတ်ပညာ၊ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှုအထောက် အကူပြု ပညာရှင်များထွန်းကားလာစေရေးအတွက် တစ်တပ်တစ်အားပါဝင်အကောင်အထည်ဖော်ဆောင်ရွက်နေကြ ခြင်းဖြစ်၍ သင်တန်းကာလတွင် သင်တန်းဆရာများ၏သင်ကြားပို့ချမှုများကို စနစ်တကျလေ့လာ ဆည်းပူးသင်ယူကြစေလိုကြောင်း၊ သင်တန်းပြီးစီးပါက သင်ယူရရှိခဲ့သည့် အသိပညာ၊ အတတ်ပညာများနှင့် ကျွမ်းကျင်မှုများကိုအသုံးချပြီး မိမိတို့၏ မိသားစု၊ ရပ်ရွာဒေသ၊ ပြည်နယ်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အခြေခံကွန်ပျူတာသင်တန်းမှသင်တန်းသား/သူ (၂၄)ဦး၊ မိတ်ကပ်နှင့် ဆံပင်အလှပြုပြင်ခြင်းသင်တန်းမှ သင်တန်းသား/သူ(၂၁)ဦးနှင့် အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းခြင်းသင်တန်းမှ သင်တန်းသား/သူ(၂၁)ဦးတို့အား သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ သင်တန်းအမျိုးအစားအလိုက် ကိုယ်စားလှယ်(၁)ဦးစီးက လက်ခံရယူကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကော်မတီဝင်များနှင့် သင်တန်းသား၊ သင်တန်းသူများက စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သက်ဆိုင်ရာသင်တန်းခန်းမအသီးသီး၌ သင်တန်းနည်းပြများမှ သင်တန်းသား၊သင်တန်းသူများအား စာတွေ့လက်တွေ့သင်ကြားလေ့ကျင့်ပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ ကရင်ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီမှကြီးမှူး၍ အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းနှင့် ဂဟေဆက်သင် တန်းဖွင့်ပွဲကို မေလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း(ဘားအံ)၌ ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းနှင့်ဂဟေဆက်သင်တန်းတို့သည် ယနေ့ခေတ်တွင် လူတိုင်းအတွက်မရှိမဖြစ် သင်ယူလေ့လာထားရမည့် သင်တန်းအမျိုးအစားဖြစ်ပြီး သင်တန်းကာလအတွင်း သင်ကြားပို့ချမှုများကို စနစ်တကျလေ့လာဆည်းပူး၍ တတ်မြောက်ကျွမ်းကျင်ပိုင်နိုင်အောင်သင်ယူကြစေလိုကြောင်း၊ သင်တန်း သားများအနေဖြင့် သင်တန်းမှ သင်ကြားပေးမည့် စာတွေ့၊ လက်တွေ့နှင့် လုပ်ငန်းခွင် ဆိုင်ရာအတွေ့အကြုံ အသိပညာများကို  လက်တွေ့ဘဝနယ်ပယ်တွင် ပြန်လည်အသုံးချနိုင်သည်အထိ အားသွန်ခွန်စိုက် ကြိုးစားအားထုတ်ကြစေလိုကြောင်း၊  သင်တန်းပြီးစီးပါက သင်ယူရရှိခဲ့သည့် အသိပညာ၊ အတတ်ပညာနှင့်ကျွမ်းကျင်မှုများကိုအသုံးချ၍ မိမိတို့၏ မိသားစု၊ ရပ်ရွာဒေသ၊ ပြည်နယ်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက သင်တန်းများ ဖွင့်လှစ်ရခြင်းနှင့် သင်ကြားပို့ချချက်များကို ရှင်းလင်းတင်ပြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)