လိပ်သို မေ ၁၃
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းပိတ်ချိန်ကာလတွင် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရေးနှင့် ကာယ၊ ဉာဏ စွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးဌာနရုံးတွင် ပြိုင်ပွဲများဆောင်ရွက်ခဲ့သည်။
လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူ့စာကြည့်တိုက်သို့ ပုံမှန်လာရောက်လေ့လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရေးနှင့် စွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဝန်ထမ်းများက ပန်းချီပြိုင်ပွဲ၊ ခါးလှည့်ကွင်းပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ ဘောလုံးပစ်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဂိမ်းကစားခြင်းအစီအစဉ်များ ဆောင်ရွက်ပေးခဲ့သည်။
ပြိုင်ပွဲများဆောင်ရွက်ခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာကြည့်တိုက်နှင့်ပိုမိုရင်းနှီးစေပြီး ပူးပေါင်းပါဝင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်ရရှိစေကြောင်း၊ ကာယစွမ်းရည်နှင့်ဉာဏစွမ်းရည်များ တိုးတက်လာစေပြီး ဉာဏ်ရည်ဉာဏ်သွေးများ ပိုမိုထက်မြက်လာမည်ဖြစ်ကြောင်းနှင့် ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား အာဟာရမုန့်များ ကျွေးမွေးဧည့်ခံပြီး ပြိုင်ပွဲများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ်(လိပ်သို)