နတ်တလင်း မေ ၁၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၌ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနနှင့် ခရိုင်၊မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ ကိုယ်ဝန်ဆောင်မိခင်များအား အိုင်အိုဒင်းဆား၊ ကြက်ဥနှင့် ကိုယ်ဝန်ဆောင်အားဆေးများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့မရပ်ကွက် မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ပြုလုပ်ခဲ့သည်။
ဦးစွာ နတ်တလင်းခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နှင်းနှင်းစိုးက ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ငုံဖူးဝေမြင့်က မိမိကြိုက်နှစ်သက်ရာအစားအစာများကိုရွေးချယ်စားသုံးခြင်းမပြုဘဲ အစာအဟာရအုပ်စုကိုကြယ်(၄)ပွင့်နှင့် ညီမျှပြည့်၀စွာစားသုံးရန်စသည့် ကျန်းမာရေးအကြောင်းသိကောင်းစရာများပြောကြားခြင်း၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေး ဆရာမဒေါ်ခင်ချိုဝင်းနှင့်ဝန်ထမ်းများမှ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကိုယ်အလေးအချိန်တိုင်းတာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင်များအား အိုင်အိုဒင်းဆား၊ ကြက်ဥနှင့် ကိုယ်ဝန်ဆောင်အားဆေးများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)