ရေနံချောင်း မေ ၁၃
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနက သစ်တောသစ်ပင် စိုက်ပျိုးခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများကို သိရှိနားလည်ပြီး သစ်တောသစ်ပင် စိုက်ပျိုးခြင်း၊ ပြုစုပျိုးထောင်ခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများတွင် ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူလေးများ ပူးပေါင်းပါဝင်လာစေရန်အတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ရေနံချောင်းမြို့ မြို့ရှောင်လမ်းရှိ အထူးစိမ်းလန်းစိုပြည်ရေးဇုံစီမံကိန်း (Greening Complex Zone) ရှင်းလင်းဆောင်တွင် ပြုလုပ်သည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီး၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးနေမျိုးအောင် (၂) ဦးဆောင်၍ ရေနံချောင်းမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက သစ်တောသစ်ပင်များ စိုက်ပျိုးထိန်းသိမ်းခြင်းဖြင့် ရာသီဥတုဖောက်ပြန်ခြင်းကို ကာကွယ်နိုင်ခြင်း၊ အပူဒဏ်ချိန် လျှော့ချပေးနိုင်ခြင်း၊ သဲကန္တာရဖြစ်ပေါ်မှုကို တိုက်ဖျက်ပေးခြင်း၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကို ထိန်းသိမ်းကာ စိမ်းလန်းစိုပြည်စေပြီး လေကောင်းလေသန့်များ ရရှိစေနိုင်မည် ဖြစ်ကြောင်း စသည့်အကြောင်းအရာများကို အသိပညာပေးဟောပြောသည်။
ထို့နောက် အထူးစိမ်းလန်းစိုပြည်ရေးဇုံစီမံကိန်း ပထမ (၅) နှစ်တွင် စိုက်ပျိုးထားသည့် အထူးစိမ်း စိုက်ခင်းများ ရှင်သန်အောင်မြင်နေမှု၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် တည်ထောင်စိုက်ပျိုးမည့် စိုက်ခင်းအမှတ် (၄/၂၀၂၄) အထူးစိမ်းအပင်ကြီး ၁၀၀၀ ပင် မိုးကြိုရေလောင်းစိုက်ပျိုးထားရှိမှုနှင့် ပင်းချောင်းယာယီပျိုးဥယျာဉ်၌ သစ်ပင်များ ပျိုးထောင်ထာရှိမှု အခြေအနေများကို လေ့လာနိုင်ရန် လိုက်လံရှင်းလင်းပြသသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၄၅ ဦး၊ အနီးအနားကျေးရွာများမှ ဒေသခံပြည်သူ ၃၀ ဦး၊ စုစုပေါင်း ၇၅ ဦး တက်ရောက်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများအား ဗလာစာအုပ်နှင့် ဘောပင်များကို အမှတ်တရ လက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်