တောင်တွင်းကြီးမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြပွဲ ကျင်းပ

တောင်တွင်းကြီး မေ ၁၃

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ တောင်တွင်းကြီးမြို့နယ်ရဲတပ်ဖွဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောခြင်းနှင့် သရုပ်ပြပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်ရဲတပ်ဖွဲ့စခန်းဝင်းအတွင်း ကျင်းပခဲ့သည်။

အဆိုပါ ဟောပြောပွဲအခမ်းအနားတွင် တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ မြိုနယ်မီးသတ်ဦးစီးမှူး ဦးစောမောင်က မီးဘေးလုံခြုံကာကွယ်ရေး အသိပညာပေးဆွေးနွေးရခြင်း ရည်ရွယ်ချက်များ၊ မီးလောင်မှုအခြေခံသဘောတရားများ၊ မီးငြှိမ်းသတ်ခြင်းစနစ်များ၊ မီးအတန်းအစားခွဲခြားခြင်းများ၊ လျှပ်စစ်မီးလောင်မှုဖြစ်စေသည့် အဓိကအကြောင်းအရင်းများ၊ လျှပ်စစ်ဝါယာလျှော့မဖြစ်အောင် ကာကွယ်ရမည့်နည်းလမ်းများ၊ မီးကိုမပေါ့ဆကြရန်နှင့် မီးလောင်ပါက ပစ္စည်းဆုံးရှုံးမှုသာမက အသက်အိုးအိမ်များပါ ပျက်စီးဆုံးရှုံးတတ်ကြောင်းကို ရှင်းလင်းဟောပြောခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးစောမောင်ဦးဆောင်၍ တပ်ဖွဲ့ဝင် (၄)ဦးဖြင့် မြို့နယ်ရဲတပ်ဖွဲ့စခန်းဝင်းအတွင်းရှိ ကွင်းပြင်တွင် လက်တွေ့မီးငြှိမ်းသတ်ခြင်း လေ့ကျင့်မှုများအဖြစ် ရိုးရိုးမီး၊ ဆီမီး၊ Gas မီးလောင်မှုများကို လက်တွေ့ငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဘူး၊ မီးသတ်ပိုက်ဖြင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြသ၍ လက်တွေ့ဆောင်ရွက်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်နောင်စိုး(ပြန်/ဆက်)