မြို့သစ် မေ ၁၃
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ပြည်သူများ သဘာဝဘေးကြိုတင်ကာကွယ်နိုင်ရေးနှင့် ဆောင်ရန် ရှောင်ရန်အချက်များကို သိရှိစေရန်အတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ယမန်နေ့နံနက် ၇ နာရီက ပေကံကုန်းကျေးရွာနှင့် ထန်းရင်းကျေးရွာများသို့ သွားရောက်၍ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးနှိုးဆော်ဆောင်ရွက်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းများနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာန ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်၍ အသံချဲ့စက်ဖြင့် လေပြင်းဘေးအန္တရာယ်၊ မိုးကြိုးဘေးအန္တရာယ်နှင့်ပတ်သက်သည့် ပြည်သူများ လိုက်နာဆောင်ရွက်ရန်အချက်များ၊ ရှောင်ကြဥ်ရမည့်အချက်များကို အသိပေးနှိုးဆော်ပြီး ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန်(ပြန်/ဆက်)