လွိုင်ကော် မေ ၁၃
ကယားပြည်နယ်အစိုးရအဖွဲ့မှ လွိုင်ကော်မြို့တွင် တာဝန်ထမ်းဆောင်နေသည့်ဝန်ထမ်းများအား တွေ့ဆုံ၍ အားပေးစကားပြောကြားခြင်းနှင့်ဆန် ၊ ဆီ၊ ပဲ ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို မေလ (၁၁) ရက်နေ့ မွန်းလွဲပိုင်းက ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ် ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အမှာစကားပြောကြားရာတွင် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အမြန်ဆုံး တည်ငြိမ်အေးချမ်းရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ လွိုင်ကော်မြို့ကိုပြန်လည်ရောက်ရှိ တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများ၏လုံခြုံရေး၊ နေထိုင်စားသောက်ရေးကိစ္စများနှင့်ပတ်သက်၍ စနစ်တကျစီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဝန်ထမ်းကောင်းမှနိုင်ငံကောင်းမည်ဆိုသည့်ဆောင်ပုဒ်ကို အမြဲနှလုံးသွင်း၍ လုပ်ငန်းတာဝန်များပြန်လည်ထမ်းဆောင်ရာတွင် အားသွန်ခွန်စိုက်ကြိုးစားဆောင်ရွက်သွားရန်မှာကြားလိုကြောင်း၊ နိုင်ငံဝန်ထမ်းများဖြစ်သည်နှင့်အညီ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများ၊ ကျင့်ဝတ်များနှင့်အညီ လိုက်နာနေထိုင်ကြရန်လိုအပ်ပြီး ပြည်သူကိုစေတနာထားဝန်ဆောင်မှုပေးရမည်ဖြစ်ပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်ရာတွင် တက်ညီလက်ညီကြိုးစားဆောင်ရွက်ကြရန်နှင့် အခက်အခဲများရှိပါကပွင့်ပွင့်လင်းလင်းတင်ပြရန် မှာကြားလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ(၃၀)ခုမှ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်ဝန်ထမ်းများက ၎င်းတို့၏နေထိုင်စားသောက်ရေးကိစ္စရပ်များ၊ လုပ်ငန်းများဆောင်ရွက်လျက်ရှိသည့်အခြေအနေများနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးစေလိုသည့်ကိစ္စရပ်များအား တင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများကလိုအပ်သည်များကို ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက တက်ရောက်လာကြသည့်ဝန်ထမ်းများအား ဆန်၊ ဆီ၊ ပဲနှင့်ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့ရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များက ဝန်ထမ်းများအားတစ်ဦးချင်း ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ပွဲတွင် ကယားပြည်နယ်အစိုးရအဖွဲ့မှဝန်ထမ်းများ၏ သက်သာချောင်ချိရေးအတွက် တစ်ဦးလျင် ငွေကျပ် (၅၀၀၀၀)နှုန်း ၊ ဆန်(၆)ပြည်၊ ဆီ (၂၅) ကျပ်သား ၊ ပဲ (၁) ပိဿာ စုစုပေါင်း ဆန်(၇၅)အိတ်၊ ဆီ(၇၅)ပိဿာ၊ ပဲ (၃၀၂) ပိဿာ၊ ပစ္စည်းတန်ဖိုးငွေ (၁၄,၇၂၂,၅၀၀) ကျပ်နှင့် ထောက်ပံ့ငွေကျပ် (၁၅,၁၀၀,၀၀၀) သိန်း ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိသည်။
ပြည်နယ် (ပြန်/ဆက်)