ချောက်မြို့၌ မီး​ဘေးလုံခြုံ​ရေး အသိပညာ​ပေး​ဟော​ပြောပွဲနှင့် သရုပ်ပြသပွဲကျင်းပ

ချောက် မေ ၁၃

မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊​ ချောက်မြို့နယ်ရဲတပ်ဖွဲ့မှူး ရုံးခန်းမ၌ ယ​နေ့နံနက် ၉ နာရီအချိန်က မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီး​ဘေးလုံခြုံ​ရေး အသိပညာ​ပေး​ဟော​ပြောပွဲနှင့် လက်တွေ့သရုပ်ပြသခြင်း ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ချောက်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးမင်းကိုက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးသိန်းဇော်ဝင်းမှ မီး ဘေးလုံခြုံရေးနှင့်စပ်လျဥ်းသည့် ရည်မှန်းချက်တာဝန် (၄) ရပ်ဖြစ်​သည့် မီး​ဘေးလုံခြုံ​ရေး၊ သဘာဝ​ဘေးအန္တရာယ်ကာကွယ်​ရေး၊ ရှာ​ဖွေကယ်ဆယ်​ရေး၊ ပြည်သူ့အကျိုးပြု​ဆောင်ရွက်​ရေးလုပ်ငန်းများအားလည်း​ကောင်း၊ မီး​လောင်ကျွမ်းခြင်းအ​ကြောင်းအရင်းများ၊ မီးအတန်းအစားခွဲခြားခြင်း၊ အ​ခြေခံမီးငြှိမ်းသတ်နည်း (၃) နည်း၊ မီးသတ်ယာဥ်စက်များ အချိန်မီငြှိမ်းသတ်နိုင်ရန်​ ဆောင်ရွက်​နေမှုများ၊ လျှပ်စစ်မီး​လောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်းအချက်အလက်များ၊ လျှပ်စစ်မီး​လောင်လျှင်​ရှောင်ကျဥ်ရမည့် အချက်များ၊ မီး​လောင်မှုဖြစ်ပွားပါက​ ဆောင်ရွက်ရမည့်အချက်များ၊ မီး​ဘေးအန္တရာယ်ကြုံ​တွေပါက အမြန်ဆုံး ဆက်သွယ်အ​​ကြောင်းကြားနိုင်သည့် ဖုန်းနံပါတ်များကိုလည်း​ကောင်း အသိပညာ​ပေး​ဟော​ပြောခဲ့သည်။

ထို့နောက် ဆီမီးငြှိမ်းသတ်ရေး မီးသတ်ဆေးဘူးများနှင့် အသုံးပြုပုံတို့အား ချောက်မြို့နယ် ရဲတပ်ဖွဲ့ဝင်များအား လက်တွေ့သရုပ်ပြငြှိမ်းသတ်စေခြင်းဖြင့်လည်း​ကောင်း၊ မီးငြိမ်းသတ်ယာဥ်များဖြင့်လည်း သရုပ်ပြငြှိမ်းသတ်ပြသခဲ့ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အသိပညာ​ပေး​ဟော​ပြောပွဲနှင့် မီးငြှိမ်းသတ်သရုပ်ပြသခြင်းသို့ ချောက်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးမင်းကိုနှင့် ခရိုင်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲမှူးရဲမှူး ဝင်းသန်းနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသိန်းဇော်ဝင်းနှင့် သန္ဓေတပ်ဖွဲ့ဝင်များ တက်​ရောက်ခဲ့​ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)