မြို့သစ် မေ ၁၃
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီး/ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မြို့သစ်မြို့နယ်၊ ယင်းနားကုန်းကျေးရွာအနီး၊ ကွင်းအမှတ်(၂၆၀၈-ခ)၊ တောင်သူ(၃၃)ဦး၏ ဆာဗိုသာနွေစပါး မျိုးစေ့ထုတ် စံပြကွက် (၁၀၀)ဧကတွင် နွေစပါးများ အောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုခဲ့သည်။
ထို့နောက် မြို့သစ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိက ၂၀၂၄-၂၀၂၅ ခုနှစ်အတွက် နွေစပါးနှင့် နွေသီးနှံ(နွေနှမ်း)လျာထားချက်၊ စိုက်ပျိုးပြီးစီးမှု အခြေအနေများကို မြေပုံကားချပ်များဖြင့် ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်သည် တောင်သူများနှင့်တွေ့ဆုံကာ နွေစပါးအပြင် နှမ်း၊ မြေပဲစသည့် ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးကြရန်လိုကြောင်း၊ တောင်သူများအနေဖြင့်လည်း နွေစပါး၊ မိုးစပါးနှင့် ဆောင်းသီးနှံများ စိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းမွန်အောင် မြေယာပြုပြင်ခြင်း၊ စိုက်နည်း စနစ်မှန်ကန်အောင်နှင့် အချိန်မီစိုက်ပျိုးဖို့လိုကြောင်း၊ သီးနှံအတွက် စိုက်ပျိုးရေလိုအပ်ချက်နှင့် နည်းစနစ်မှန်ကန်စေရေးအတွက်လည်း သက်ဆိုင်ရာဌာနများမှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ တောင်သူများ၏ အကျိုးစီးပွားအတွက်အဘက်ဘက်မှ စဥ်းစားဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန်းဝင်းထွန်း(ပြန်/ဆက်)