လိပ်သိုမြို့တွင် မိခင်များနေ့ အထူးဆုတောင်းဝတ်ပြုပွဲ တစ်ရပ်ပြုလုပ်

လိပ်သို   မေ  ၁၃

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ဂေခိုဂေဘားသာသနာ၊ လိပ်သိုမြို့ ကရင်နှစ်ခြင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွင် မေလ ၁၂ ရက်န့တွင် ကျရောက်သော မိခင်များနေ့ မိခင်များအား ဂုဏ်ပြုသောအားဖြင့် အထူးဆုတောင်းဝတ်ပြုပွဲတစ်ရပ်ကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

အထူးဆုတောင်းဝတ်ပြုပွဲတွင် အသင်းအုပ်ဆရာ စောမြင့်ထွန်းက မိခင်များနေ့ ဖြစ်ပေါ်လာပုံအကြောင်းနှင့် မိခင်များအား ဂုဏ်ပြုအမှာစကားများ ပြောကြားခြင်း၊ မိခင်များအတွက် အထူးတရားဒေသနာတော်ကို ဆရာစောဂစ်ပ်ဆင်က ဟောကြားပေးပြီးနောက် မိခင်များအားလုံးအတွက် ဆရာစောဒေးဗစ်က အထူးဆုတောင်းပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဝတ်ပြုဆုတောင်းပွဲသို့ တက်ရောက်လာသော အသင်းတော်မှ လူငယ်များနှင့် ပရိသတ်များက မိခင်များအား ဂုဏ်ပြုလက်ဆောင် ပစ္စည်းများပေးအပ်ခြင်း၊ မိခင်များနှင့်သက်ဆိုင်သော သမ္မာကျမ်းစာများ ဖတ်ကြားခြင်း၊ ဓမ္မတေးသီချင်းများဖြင့် ဂုဏ်ပြုသီဆိုချီးမွမ်း ခြင်း၊ မိတ်ဆုံစားပွဲဖြင့် ဂုဏ်ပြုတည်ခင်းဧည့်ခံခြင်းတို့ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ခင်လေးနွယ်(လိပ်သို)