ငဖဲမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ ခင်းကျင်းပြသ

ငဖဲ မေ ၁၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များအပါအဝင် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ လျင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ ခင်းကျင်းပြသခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ငဖဲမြို့နယ်ရဲတပ်ဖွဲ့ စခန်းမှူးရုံး၌ ကျင်းပပြုလုပ်သည်။

ထိုသို့ဆောင်ရွက်ရာတွင် ငဖဲမြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးနိုင်လင်းဦးက မီးဘေးအန္တရာယ် ဖြစ်ပွားရသည့် အကြောင်းရင်းများ၊ မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ၊ မီးသတ်ဆေးဘူးအသုံးပြု၍ အရေးပေါ်မီးငြှိမ်းသတ်နည်းစနစ်များ၊  ရေပြင်၊ မြေပြင်အထပ်မြင့် အဆောက်အအုံများနှင့် ယာဉ်မတော်တဆမှုများတွင် အသုံးပြုဆောင်ရွက်သည့် အသက်ကယ်နှင့်ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ၏ အသုံးပြုပုံအဆင့်ဆင့်တို့ကို အသိပညာပေးရှင်းလင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးနိုင်လင်းဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်ရဲတပ်ဖွဲ့ မှူးရဲမှူးသန်းဇော်၊ စခန်းမှူးဒုရဲမှူး ဇော်ဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ တပ်ဖွဲ့ဝင်မိသားစုများကို ရေပြင်၊ မြေပြင်အထပ်မြင့် အဆောက်အအုံများနှင့် ယာဉ်မတော်တဆမှုများတွင် အသုံးပြုဆောင်ရွက်သည့် အသက်ကယ်နှင့်ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများကို ခင်းကျင်းပြသ၍ မီးဘေးလုံခြုံရေးအတွက် မီးငြှိမ်းသတ်ပစ္စည်းများ အသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်နည်းစနစ်များ၊ မီးသတ်ဆေးဘူးအသုံးပြု၍ အရေးပေါ်မီးငြှိမ်းသတ်ပုံအဆင့်ဆင့်တို့ကို ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသရာ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှု၍ ပူးပေါင်းပါဝင်ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မယု(ငဖဲ)